ဗြိတိန်ကကာကွယ်ရေးအသုံးစရိတ် ပေါင် ၈၀ ဘီလီယံအထိ နှစ်စဉ် သုံးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်။
ရာထူးမှ မကြာမီ သီးခြားအနားယူတော့မည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) က ယူကေနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို လာမည့် ၂၀၂၉ ခုနှစ်မတိုင်မီ တစ်နှစ်လျှင် ဗြိတိန်ပေါင် ၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံနီးပါး) အထိ ရောက်ရှိအောင် တိုးမြှင့်သုံးစွဲသွားမည်ဖြစ် ကြောင်း တရားဝင်ကြေညာလိုက်သည်။
ဝန်ကြီးချုပ် စတာမာက နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသားအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂.၃ ရာခိုင်နှုန်း သုံးစွဲနေရာမှ ယခုအခါ ၂.၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခု၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ၂၀၂၉ ခုနှစ် လွှတ်တော်သက်တမ်းကာလသို့ ရောက်ရှိပါက ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် သုံးစွဲသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယူကေနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုစာ ကာကွယ်ရေးစီမံကိန်း (Defence Investment Plan – DIP) အရ အောက်ပါ အဓိကကဏ္ဍကြီး ၄ ခုတွင် ခွဲဝေသုံးစွဲသွားမည် ဖြစ်သည်။
ပထမအနေဖြင့် ဒရုန်းနှင့် နည်းပညာတော်လှန်ရေးကဏ္ဍတွင် ပေါင် ၅ ဘီလီယံ သုံးစွဲမည် ဖြစ်သည်။ စစ်သင်္ဘောကြီးများ နေရာတွင် ဒရုန်းများနှင့် နည်းပညာသုံး အဆင့်မြင့်နှစ်မျိုးစပ် ပေါင်းစပ်ရေတပ် (Hybrid Fleet) အဖြစ် ပြောင်းလဲတည်ဆောက်ရန် အသုံးပြုမည် ဖြစ်သည်။
ထို့ပြင် နျူကလီးယားစွမ်းရည် မြှင့်တင်ခြင်းကဏ္ဍတွင် ပေါင် ၆၄ ဘီလီယံ လျာထားသည်။ နျူကလီးယားလက်နက် တပ်ဆင်ထားသည့် Dreadnought စစ်သင်္ဘောများနှင့် SSN-Aukus ရေငုပ်သင်္ဘောများ ထုတ်လုပ်တည်ဆောက်ရေးတွင် သုံးစွဲမည် ဖြစ်သည်။
ဆဌမမျိုးဆက် (6th Generation) တိုက်လေယာဉ် ပရောဂျက်ကို ပေါင် ၈.၆ ဘီလီယံ လျာထားသည်။ အီတလီ၊ ဂျပန်နိုင်ငံတို့နှင့် ပူးပေါင်း၍ ကမ္ဘာ့အဆင့်မြင့်ဆုံး ဆဌမမျိုးဆက် တိုက်လေယာဉ်များ ထုတ်လုပ်မည့် ကတိကဝတ်ကို သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ပဉ္စမမျိုးဆက် (5th Generation) လေယာဉ်သစ်များ ဝယ်ယူရေးကဏ္ဍတွင် အမေရိကန်နိုင်ငံထုတ် F-35A တိုက်လေယာဉ် ၁၂ စီးကို အသစ်ဝယ်ယူသွားရန် အသုံးပြုမည် ဖြစ်သည်။
သတင်းထောက်များက အဆိုပါကာကွယ်ရေးဘတ်ဂျက်သည် ၂၀၃၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံနှင့် ဖြစ်ပွားလာနိုင်ချေရှိသော စစ်ပွဲကို ဟန့်တားရန် လုံလောက်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဝန်ကြီးချုပ်က လုံလောက်မှုရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယင်းသို့ လုံလောက်သည်ဟု ဆိုခြင်းမှာ ယူကရိန်းနှင့် အီရန်စစ်ပွဲများထံမှ ရရှိသည့် စစ်ရေးသင်ခန်းစာများကို အခြေခံ၍ ယူကေနိုင်ငံ၏ စစ်ရေးစွမ်းရည် ထိရောက်မှုရှိစေရန် ပြင်ဆင်ထားခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။