Crypto ငွေကြေးလုပ်ငန်းမှ သမ္မတ ဒေါ်နယ်ထရမ့် ဒေါ်လာ ၁ ဘီလီယံကျော် အမြတ်အစွန်းရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ဇူလိုင်လ ၃ ရက်။ 

အခြားသော ခရစ်ပတို (Crypto) ရင်းနှီးမြှုပ်နှံသူများ အရှုံးပေါ်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် Crypto ငွေကြေးလုပ်ငန်းမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသားတင်မြတ်စွန်းသွားခဲ့ကြောင်း သူ၏ ဘဏ္ဏာရေး စာရင်းတွင် ဖော်ပြထားသည်။ 

သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ဒုတိယအကြိမ်မြောက် သမ္မတကျမ်းသစ္စာမဆိုမီ ရက်ပိုင်းအလိုတွင် $TRUMP အမည်ရှိ ခရစ်ပတိုဒင်္ဂါး (Crypto Coin) ကို စတင်မိတ်ဆက်ခဲ့သည်။ 

အဆိုပါအချိန်မှစတင်၍ ၎င်း၏အစိုးရအဖွဲ့သည် ခရစ်ပတိုနည်းပညာကို အားပေးသည့် အစိုးရဖြစ်လာခဲ့သလို၊ ၎င်း၏မိသားစုအတွက်လည်း ဝင်ငွေအမြောက်အမြား ရရှိလာခဲ့သည်။

၎င်း $TRUMP ကွိုင်သည် စတင်မိတ်ဆက်စဉ်က ကာလတန်ဖိုး အဆမတန်မြင့်တက်ခဲ့ပြီး ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရောက်ရှိခဲ့သော်လည်း၊ လက်ရှိအချိန်တွင် တန်ဖိုး ၉၇ ရာခိုင်နှုန်းခန့် ထိုးဆင်းသွားခဲ့ရာ ဒေါ်လာ ၄၀၀ မီလီယံသာ တန်ဖိုးရှိတော့သည်။ 

ထို့ကြောင့် အဆိုပါကွိုင်ကို ဝယ်ယူထားသည့် သာမန်ရင်းနှီးမြှုပ်နှံသူ အများစုမှာ ငွေကြေးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့ရာတွင် တန်ဖိုးကျဆင်းမှုသည် သမ္မတ ထရမ့်အတွက် ထိခိုက်မှုမရှိကြောင်း၊ အကြောင်းမှာ ထရမ့်သည် ဒင်္ဂါးပြား၏ ပေါက်ဈေးအပေါ်တွင်သာ အခြေမခံဘဲ အဆိုပါဒင်္ဂါးပြားကို လူထုက အရောင်းအဝယ်ပြုလုပ်တိုင်း ကြားခံဖြတ်တောက်သည့် ကော်မရှင်ခများကို ရရှိနေသောကြောင့် ဖြစ်ကြောင်း သိရသည်။ 

၎င်းအပြင် အဆိုပါဒင်္ဂါးပြား စုစုပေါင်းပမာဏ၏ ၈၀ ရာခိုင်နှုန်းကိုလည်း ထရမ့်ပိုင်ဆိုင်သည့် ကုမ္ပဏီများကသာ ချုပ်ကိုင်ထားသည်။

ယင်းကဲ့သို့သော နည်းလမ်းဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း၌ ကွိုင်အရောင်းအဝယ်လုပ်ငန်းများနှင့် ၎င်း၏သားဖြစ်သူများ စီမံခန့်ခွဲသည့် လုပ်ငန်းများထံမှ ထရမ့်သည် ဒေါ်လာ ၅၂၆ သန်းကျော် အသားတင်ရရှိခဲ့သဖြင့် ခရစ်ပတိုလုပ်ငန်းမှ စုစုပေါင်းရရှိသည့်အမြတ်မှာ ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထရမ့်က ရှယ်ယာဈေးကွက်များ မြင့်တက်နေသောကြောင့် အမြတ်အစွန်းရရှိခြင်းဖြစ်ပြီး လူတိုင်းလည်း အမြတ်ရရှိနေကြကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ထို့ပြင် CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် သူသည် စီးပွားရေးအလွန်ကျွမ်းကျင်သူဖြစ်ကြောင်း၊ ဝင်ငွေအမြောက်အမြား ရရှိခဲ့သော်လည်း ၎င်းလုပ်ငန်းကြီးများနှင့် ဝင်ငွေများကို သားဖြစ်သူ အဲရစ် (Eric) ထံသို့သာ လွှဲပြောင်းပေးထားပြီး ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်၍ မတရားလုပ်ဆောင်ထားမှု လုံးဝမရှိကြောင်း တုံ့ပြန်ချေပခဲ့သည်။