တားမြစ်ချက်ကို မလိုက်နာသည့် ရှေးရိုးစွဲ SSPX အဖွဲ့ကို ဗာတီကန် သာသနာ ထုတ်ပယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။
ဗာတီကန်မြို့တော် ပုပ်ရဟန်းမင်းကြီး၏ တားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ ဆရာတော်သစ်များ ခန့်အပ်ပွဲကျင်းပခဲ့သည့် ရှေးရိုးစွဲကက်သလစ်အဖွဲ့တစ်ခုကို ဗာတီကန်အာဏာပိုင်များက သာသနာတော်မှ ထုတ်ပယ် လိုက်ပြီဖြစ်ကြောင်း ကြေညာသည်။
အဆိုပါဖြစ်စဉ်သည် ဆွစ်ဇာလန်နိုင်ငံရှိ တောင်တန်းဒေသ ကျေးရွာတစ်ရွာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၁ ရက် (ဗုဒ္ဓဟူးနေ့) က ဆွစ်ဇာလန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့မှ ကက်သလစ်ဘုန်းတော်ကြီး ၄ ပါးကို ‘ဆရာတော် (Bishop)’ အဆင့် တိုးမြှင့်ခန့်အပ်သည့် အခမ်းအနားတစ်ရပ်ကို လူပေါင်း ၁၅,၀၀၀ ကျော် တက်ရောက်ကာ ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကျင်းပခဲ့သည့်အဖွဲ့မှာ SSPX ဟု လူသိများသည့် (Society of Saint Pius X) ကက်သလစ်အဖွဲ့အစည်း ဖြစ်သည်။
၎င်းအဖွဲ့သည် ဗာတီကန်က ၁၉၆၀-၇၀ ခုနှစ်များအတွင်း ပြုလုပ်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး မူဝါဒများကို လုံးဝလက်မခံဘဲ ကန့်ကွက်နေသည့် ရှေးရိုးစွဲအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ဥပမာအားဖြင့် ဝတ်ပြုဆုတောင်းပွဲ (Mass) များကို ဒေသန္တရဘာသာစကားများဖြင့် မလုပ်ဆောင်ဘဲ ‘လတ်တင်ဘာသာ’ တစ်ခုတည်းဖြင့်သာ လုပ်ဆောင်ရန်နှင့် ဘုန်းတော်ကြီးများ ဝတ်ပြုရာတွင် လူထုဘက်သို့ မျက်နှာမမူဘဲ အာသနပလ္လင်ဘက်သို့ ကျောပေး၍သာ လုပ်ဆောင်ရမည်ဟူသော ရှေးရိုးအယူအဆများကို အစဉ်တစိုက် ဆုပ်ကိုင်ထားသည့် အဖွဲ့ဖြစ်သည်။
ထို့ကြောင့် လက်ရှိ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က ယခုလုပ်ရပ်သည် အသင်းတော်ကို စိတ်ဝမ်းကွဲစေသည့် လုပ်ရပ် ဖြစ်သဖြင့် မပြုလုပ်ရန် နောက်ဆုံးအချိန်အထိ တားမြစ်ခဲ့သော်လည်း ၎င်းတို့က လိုက်နာခြင်းမရှိဘဲ ဆရာတော်ခန့်အပ်ပွဲကို ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကက်သလစ်အသင်းတော်၏ စည်းကမ်းဥပဒေအရ ပုပ်ရဟန်းမင်းကြီး၏ ခွင့်ပြုချက်မရှိဘဲ ဆရာတော်အသစ် ခန့်အပ်ပွဲကျင်းပခွင့် လုံးဝမရှိပေ။
အခမ်းအနားကျင်းပပြီး နောက်တစ်နေ့ (ကြာသပတေးနေ့) တွင် ဗာတီကန် သာသနာတော် စောင့်ရှောက်ရေးအဖွဲ့က အဆိုပါ SSPX အဖွဲ့ဝင် ဘုန်းတော်ကြီးများနှင့် ၎င်းတို့ကို ထောက်ခံသည့် လူပုဂ္ဂိုလ်များကို သာသနာပယ်လိုက်ပြီဖြစ်ကြောင်း ချက်ချင်းကြေညာခဲ့သည်။
လက်ရှိ သာသနာပယ်ခြင်းခံရသည့် SSPX အဖွဲ့တွင် ကမ္ဘာတစ်ဝှမ်း၌ အသင်းသားဦးရေ ၆ သိန်းခန့်ရှိပြီး၊ ဗာတီကန်ဗဟို ကက်သလစ်ဘာသာဝင် စုစုပေါင်းဦးရေမှာ ၁.၄ ဘီလီယံ ရှိကြောင်း သိရသည်။