ကက်သလစ် သာသနာတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ စုံစမ်းရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်။
ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) က ရိုမန်ကက်သလစ် သာသနာတော်အတွင်း ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု အရှုပ်တော်ပုံများကို အမြစ်ပြတ် တူးဖော်ဖျက်ဆီးကြရန် ပြင်သစ် ကက်သလစ် ဆရာတော်များအား တိုက်တွန်း နှိုးဆော်လိုက်သည်။
လေးရက်ကြာ ပြင်သစ် တရားဝင် ခရီးစဉ်၏ တတိယမြောက်နေ့တွင် ဆရာတော်များနှင့် သီးသန့် တွေ့ဆုံဆွေးနွေးစဉ် ပုပ်ရဟန်းမင်းကြီးက အဆိုပါအတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ပပျောက်ရေးအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်ရန်နှင့် အမြင့်ဆုံး သတိဝီရိယ ထားရှိကြရန်လည်း မှာကြားခဲ့သည်။
၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် သီးခြား စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ပြင်သစ်နိုင်ငံ၌ ကက်သလစ် ဘုန်းတော်ကြီးများနှင့် သာသနာ့ ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံခဲ့ရသည့် ကလေးသူငယ် ဦးရေ စာရင်းမှာ ၃ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။