အွန်လိုင်း ငွေကြေးများ ဂျပန်တွင် တရားဝင် သုံးစွဲခွင့်ရတော့မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။
Crypto Currency ဟု ခေါ်သည့် အွန်လိုင်း ငွေကြေးများ အသုံးပြုခွင့် ပြုမည့် ဥပဒေကို ဂျပန်နိုင်ငံက မေလ ၁၉ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။
ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီ (FSA) သည် ပြည်ပမှ ထုတ်ဝေသည့် ယုံကြည်ရပြီး တည်ငြိမ်မှု ရှိသည့် အွန်လိုင်း ငွေကြေး (Foreign trust-type stablecoins) များကို ဂျပန်နိုင်ငံ၏ တရားဝင်ငွေပေးချေမှုစနစ်အတွင်း ထည့်သွင်းအသုံးပြုခွင့်ပေးမည့် ဥပဒေပြင်ဆင်ချက်ကို မေလ ၁၉ ရက် ယနေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါဥပဒေသည် လာမည့် ဇွန်လ ၁ ရက်နေ့တွင် စတင်သက်ရောက်မည် ဖြစ်သည်။
ယခုပြင်ဆင်ချက်သည် ကမ္ဘာလုံးဆိုင်ရာ Stablecoin များ အာရှဈေးကွက်အတွင်းသို့ စီးဝင်မည့် လမ်းကြောင်းကို အဓိကပြောင်းလဲစေမည်ဖြစ်သည်။
ဤဥပဒေ ပြဌာန်းသည့်အချိန်သည် အမေရိကန်လွှတ်တော်တွင် ခရစ်ပတိုဆိုင်ရာ ဥပဒေကြမ်းများ တက်ကြွစွာ တွန်းအားပေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
Stablecoin ဆိုသည်မှာ အရန်ငွေကြေး (Reserves) ကို အာမခံချက်ရှိသော Trust စနစ်ဖြင့် အပြည့်အဝ ကျောထောက်နောက်ခံပြုထားပြီး သတ်မှတ်ထားသည့် အစိုးရထုတ် အမိန့်ရငွေကြေး (Fiat Currency) နှင့် တန်ဖိုးချင်း ညီမျှစွာ ပြန်လည်လဲလှယ်နိုင်သည့် ဒီဂျစ်တယ်တိုကင်အမျိုးအစား ဖြစ်သည်။
ယခင်က ဂျပန်နိုင်ငံတွင် ပြည်ပထုတ် Stablecoin များကို အာမခံသက်သေခံလက်မှတ် (Securities) အဖြစ်သာ သတ်မှတ်ခြင်း သို့မဟုတ် တရားဝင်စည်းမျဉ်းမရှိသည့် မရေရာသော နယ်ပယ်တွင်သာ ထားရှိခြင်းကြောင့် နေ့စဉ်ငွေပေးချေမှုလုပ်ငန်းများတွင် အသုံးပြုရန် အဟန့်အတားဖြစ်ခဲ့ရသည်။
လက်ရှိ ဝန်ကြီးချုပ် Sanae Takaichi ၏ အစိုးရလက်ထက်တွင် ထုတ်ပြန်လိုက်သည့် ယခုပြုပြင်ပြောင်းလဲမှုအရ အရည်အသွေးပြည့်မီသော ပြည်ပထုတ် Stablecoin များကို ‘ငွေပေးချေမှုဝန်ဆောင်မှုဥပဒေ’ အရ “အီလက်ထရွန်နစ် ငွေပေးချေမှုဆိုင်ရာ ကိရိယာ” (Electronic Payment Instruments) အဖြစ် ပြန်လည်သတ်မှတ်ကာ ဂျပန်နိုင်ငံ၏ တရားဝင်ဘဏ္ဍာရေးစနစ်အတွင်းသို့ ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။
သို့သော် ပြည်ပမှ Stablecoin ထုတ်ဝေသူများသည် ၎င်းတို့၏ မိခင်နိုင်ငံရှိ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများ၊ လိုင်စင်စနစ်၊ စာရင်းစစ်ဆေးမှု၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (AML) ထိန်းချုပ်မှုများနှင့် ငွေလဲနှုန်းအန္တရာယ်ကို လျှော့ချနိုင်မည့် အရန်ငွေကြေးထိန်းသိမ်းမှု ပုံစံများသည် ဂျပန်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများနှင့် ညီမျှမှုရှိကြောင်း သက်သေပြရမည် ဖြစ်သည်။
လက်ရှိတွင် ဂျပန်ပြည်တွင်းရှိ ‘SBI VC Trade’ ကဲ့သို့သော အဓိက လုပ်ငန်းရှင်ကြီးများသည် ကမ္ဘာလုံးဆိုင်ရာ Stablecoin တစ်ခုဖြစ်သည့် USDC ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု၌လည်း ခရစ်ပတိုငွေကြေးဆိုင်ရာ စည်းမျဉ်းမူဘောင်များ သတ်မှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
အမေရိကန်အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီသည် ဒီဂျစ်တယ်ပိုင်ဆိုင်မှု စျေးကွက်ဆိုင်ရာ ရှင်းလင်းပြတ်သားမှုဥပဒေကြမ်း (Digital Asset Market Clarity Act သို့မဟုတ် CLARITY Act) ကို ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲ ၉ မဲဖြင့် အတည်ပြုပြီး ရှေ့ဆက်နိုင်ရန် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဥပဒေကြမ်းသည် အမေရိကန် လုံခြုံရေးနှင့် လဲလှယ်ရေးကော်မရှင် (SEC) နှင့် ကုန်စည်ဒိုင်အနာဂတ်အရောင်းအဝယ်ကော်မရှင် (CFTC) တို့အကြား ဒီဂျစ်တယ်ပိုင်ဆိုင်မှုများအပေါ် စီမံခန့်ခွဲမည့် လုပ်ပိုင်ခွင့်နယ်ပယ်ကို ပြတ်သားစွာ ပိုင်းခြားသတ်မှတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထို့ပြင် Stablecoin အသုံးပြုသူများအတွက် အတိုးပေးသည့်စနစ်ကို ပိတ်ပင်ထားသော်လည်း လုပ်ဆောင်ချက်အပေါ်အခြေခံသည့် ဆုလာဘ် (Activity-based rewards) ပေးအပ်မှုများကိုမူ ခွင့်ပြုရန် ညှိနှိုင်းမှုများ ပါဝင်သည်။
ဘဏ္ဍာရေးလေ့လာဆန်းစစ်သူများက ယခု ၂၀၂၆ ခုနှစ်အတွင်း အဆိုပါ CLARITY Act ဥပဒေအဖြစ် တရားဝင်အတည်ပြု ပြဋ္ဌာန်းနိုင်ခြေသည် ၆၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ခန့်မှန်းထားကြသည်။
ကျွမ်းကျင်သူများက ဂျပန်နိုင်ငံ၏ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုနှင့် အမေရိကန်၏ ဥပဒေပြုရေးဆိုင်ရာ တွန်းအားပေးမှုများသည် ကမ္ဘာလုံးဆိုင်ရာ Stablecoin ဂေဟစနစ်တစ်ခုလုံးကို အစမ်းသပ်အဆင့်မှသည် တရားဝင်ဘဏ္ဍာရေးစနစ်အတွင်းသို့ အမှန်တကယ် ပေါင်းစည်းနိုင်မည့် ရင့်ကျက်သော အခြေအနေသို့ ဦးတည်နေကြောင်း သုံးသပ်ထားကြသည်။