စစ်ကောင်စီအား “အစိုးရသစ်” ဟု သုံးနှုန်းခဲ့သည့်အပေါ် NHK ကို ဂျပန်ရောက်မြန်မာများ ကန့်ကွက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီကို “အစိုးရသစ်” ဟု သုံးစွဲခဲ့ခြင်းနှင့် ပတ်သက်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများက ဂျပန်အမျိုးသားရုပ်သံလိုင်းဖြစ်သည့် NHK ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက် အင်္ဂါနေ့က NHK အထွေထွေရုပ်သံလိုင်း၏ “Catch! ကမ္ဘာ့ထိပ်တန်းသတင်းများ” အစီအစဉ်တွင် “မြန်မာ့အစိုးရသစ်၏ လှုပ်ရှားမှုအသစ်များ” ဟူသော ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ မိနစ်ပိုင်းစာ အစီအစဉ်အတွင်း ပြည်သူလူထု ထောက်ခံမှုမရှိသည့် စစ်ကောင်စီ၏ ယန္တရားကို “အစိုးရသစ်” ဆိုသည့် စကားရပ်ဖြင့် (၁၃) ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ သုံးနှုန်းခဲ့ခြင်းကြောင့် မြန်မာပရိသတ်များက ကန့်ကွက်ရခြင်းဖြစ်ကြောင်း NHK သို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။
တိုင်ကြားစာ၌ ထောက်ပြထားသည်မှာ စစ်ကောင်စီက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးသူ ၅၅ ရာခိုင်နှုန်း ရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း၊ ယင်းသည် မဲဆန္ဒရှင်ဦးရေ စုစုပေါင်း မည်မျှအနက်မှဖြစ်ကြောင်း အခြေခံအချက်အလက်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားခြင်း မရှိဟု ဆိုသည်။
ထို့ကြောင့် ပြည်သူလူထု၏ မည်မျှရာခိုင်နှုန်းကို ကိုယ်စားပြုမှန်း မသိရသည့်အပြင်၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိသည့် စစ်အုပ်ချုပ်ရေးအောက်က စီမံချက်ဖြစ်သဖြင့် G7 နိုင်ငံများကလည်း အဆိုပါရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၁၅,၀၀၀ ကျော်ကို လူထုစစ်တမ်းကောက်ယူခဲ့ရာတွင် ၉၉ ရာခိုင်နှုန်းက ဤရွေးကောက်ပွဲကို လုံးဝ “လက်မခံကြောင်း” ဖြေကြားထားသည်။
သို့ဖြစ်ပါ၍ NHK အနေဖြင့် ပြည်သူ့ထောက်ခံမှုမရှိဘဲ ရုပ်ပြအဖြစ်သာ လုပ်ဆောင်ထားသည့် စစ်ကောင်စီကို “အစိုးရသစ်” ဟု ခေါ်ဝေါ်သုံးစွဲနေခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် ဒေသခံမြန်မာများက ပြတ်ပြတ်သားသား တောင်းဆိုထားခြင်း ဖြစ်သည်။