သမ္မတ ပူတင်အား တရုတ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။ 

အမေရိကန်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တရုတ်နိုင်ငံ၌ လက်ခံတွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်က လက်ရှိ ရုရှားနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတစ်လျှောက် “မကြုံစဖူး အမြင့်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေဂျင်းသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး ရက်ပိုင်းအလို၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံဘက်က သမ္မတ ပူတင်ကို စစ်ရေးဂုဏ်ပြုတပ်ဖွဲ့များ၊ အမြှောက်သံများဖြင့် ခမ်းနားစွာ ကြိုဆိုခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ၂၀၀၁ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့သည့် “အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ပျူငှာစွာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်” ကို ထပ်မံသက်တမ်းတိုးခဲ့ကြသည်။ 

ထို့ပြင် ကမ္ဘာ့အင်အားချိန်ခွင်လျှာ ဗဟုဝင်ရိုး ဖြစ်ပေါ်လာရေးဆိုင်ရာ ကြေညာချက် အပါအဝင် အရေးကြီးသည့် သဘောတူညီချက် စာတမ်းပေါင်း (၂၁) စောင်ကို လက်မှတ်ရေးထိုးရန် ရှိနေသည်။

ယူကရိန်းစစ်ပွဲကြောင့် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ခံနေရသည့် ရုရှားနိုင်ငံအတွက် တရုတ်နိုင်ငံ၏ ငွေကြေးနှင့် နည်းပညာသည် ပူတင်အစိုးရ ရေရှည်ရပ်တည်နိုင်ရေးအတွက် သော့ချက်ဖြစ်နေသည်။ 

တရုတ်နိုင်ငံသည် ရုရှားရေနံ၏ အကြီးမားဆုံး ဝယ်လက်ဖြစ်သလို၊ လက်ရှိ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီ ပြတ်လပ်နေချိန်တွင် သမ္မတ ပူတင်က တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် သဘောဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၅၀ အထိ ပို့လွှတ်နိုင်မည့် ဧရာမ ပိုက်လိုင်းအသစ် တည်ဆောက်ရေးကိုပါ သမ္မတ ရှီကျင့်ဖျင်နှင့် အဓိကထား ဆွေးနွေးရန် ပြင်ဆင်လာခဲ့သည်။

အခြားတစ်ဖက်တွင်မူ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားနှင့် နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ပြသလိုသော်လည်း၊ ယူကရိန်းအရေးကြောင့် အနောက်အုပ်စုနှင့် ဆက်ဆံရေး မပျက်ပြားစေရန် အလွန်အမင်း နီးကပ်လွန်းခြင်းမရှိစေဘဲ ချိန်ညှိနေရသည့် အကျပ်အတည်း အနေအထားနှင့် ရင်ဆိုင်နေရသည်။