ယူကရိန်းသမ္မတ၏ လူချင်းတွေ့ရန် ကမ်းလှမ်းချက်ကို ရုရှား သမ္မတ ပူတင်ပယ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး လူချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် ယခုအချိန်တွင် တွေ့ဆုံရန် “ဘာအဓိပ္ပာယ်မှ မရှိကြောင်း” ပြောကြားကာ ပယ်ချလိုက်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ပြီးခဲ့သည့် ကြာသပတေးနေ့က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ကာ တိုက်ရိုက်ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ 

၎င်း၏ပေးစာတွင် စစ်ပွဲနှင့်ပတ်သက်၍ အမေရိကန်၏ အာရုံစိုက်မှုကိုသာ ထိုင်စောင့်နေ၍ မရကြောင်း ဖော်ပြထားသည့်အပြင်၊ သမ္မတပူတင်၏ အသက်အရွယ်နှင့်ပတ်သက်၍ ပြောင်လှောင်ထားသည့် စာသားအချို့နှင့် ရုရှားပိုင်နက်အတွင်း ယူကရိန်း၏ မကြာသေးမီက တိုက်ခိုက်မှုများကို ရည်ညွှန်းရေးသားထားသည်။ 

သမ္မတပူတင်က အဆိုပါစာမှာ ရိုင်းစိုင်းလွန်းသည်ဟု တုံ့ပြန်ခဲ့ပြီး၊ အပစ်အခတ်မရပ်စဲမီ ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးသဘောတူညီချက်များ အရင်ရရှိရမည်ဟူသော ၎င်း၏ရပ်တည်ချက်ကို သောကြာနေ့က ပြုလုပ်သည့် စိန့်ပီတာစဘတ် စီးပွားရေးဖိုရမ်တွင် ထပ်လောင်းပြောကြားခဲ့သည်။

သမ္မတပူတင်၏ ငြင်းပယ်မှုအပေါ် ဇလန်းစကီးက ရုရှားသည် စစ်ပွဲကိုသာ ထပ်မံရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

ရုရှားနိုင်ငံအနေဖြင့် ဒိုးနက် (Donetsk)၊ လူဟန့် (Luhansk)၊ ခါဆွန် (Kherson) နှင့် ဇာပိုရီရှား (Zaporizhzhia) ဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးရန်နှင့် နေတိုး (NATO) အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုများကို စွန့်လွှတ်ရန် တောင်းဆိုထားသော်လည်း၊ ကိဗ် (Kyiv) အစိုးရဘက်က မည်သည့်ပိုင်နက်နယ်မြေကိုမျှ စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆန်ထားသည်။

အခြားတစ်ဖက်တွင်၊ ယူကရိန်းနိုင်ငံသည် အာဇော့ဗ်ပင်လယ် (Sea of Azov) အတွင်း တရားမဝင်ကုန်စည်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၅ စီးကို တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံထားပြီး၊ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်။ 

ထို့အပြင် ရုရှား၏ လျှပ်စစ်လှိုင်းနှောင့်ယှက်မှုကြောင့် လမ်းကြောင်းလွဲသွားသော ယူကရိန်းဒရုန်းတစ်စောင်သည် ရိုမေးနီးယားနိုင်ငံ ဆိပ်ကမ်းမြို့တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံအနှံ့ ရုရှား၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိဗ်မြို့ပြင်ရှိ နို့ထွက်ပစ္စည်းစက်ရုံတစ်ခု အပါအဝင် နေရာအနှံ့အပြား၌ အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။