ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ BNP ပါတီ အနိုင်ရနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) က အပြတ်အသတ် အနိုင်ရရှိရန် သေချာသွားပြီ ဖြစ်သည်။
ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်ခဲ့ရသော BNP ခေါင်းဆောင် တာရစ်ခ် ရာမန် (Tarique Rahman) သည် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်အတွင်း ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆို၍ အစိုးရသစ် ဖွဲ့စည်းတော့မည်ဖြစ်သည်။
အိန္ဒိယ၊ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့က BNP ၏ အောင်ပွဲကို ဂုဏ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံကလည်း မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာအောင် လုပ်ဆောင်မည်ဟု ဆိုသည်။
BNP အစိုးရသည် ရိုဟင်ဂျာပြဿနာကို နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ၎င်းတို့ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် မြန်မာစစ်ကောင်စီနှင့် နိုင်ငံတကာကို ဖိအားပေးလာဖွယ်ရှိသည့်အပြင် နယ်စပ်လုံခြုံရေးကိုလည်း အရင်ကထက် ပိုမိုတင်းကျပ်လာဖွယ် ရှိနေသည်။