ကမ္ဘာ့အင်အားကြီး နိုင်ငံများကို ရင်ဆိုင်ရန် EU ခေါင်းဆောင်များ စီးပွားရေး နှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာသစ် ရေးဆွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၇ နိုင်ငံမှ ခေါင်းဆောင်များသည် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ထံမှ ရိုက်ခတ်လာသော ဘက်စုံဖိအားများကို ရင်ဆိုင်နိုင်ရန်အတွက် ထူးခြားသော မဟာဗျူဟာသစ်တစ်ရပ်ကို ချမှတ်ပြင်ဆင်လျက် ရှိကြသည်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံရှိ ရှေးဟောင်းရဲတိုက်တစ်ခု၌ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် ဥရောပ၏ စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် ခေါင်းဆောင်များအကြား အပြီးသတ် သဘောတူညီမှု ရရှိခဲ့ကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လျှပ်တပြက် သွင်းကုန်ခွန် တိုးမြှင့်မည့် မူဝါဒများကြောင့် ဥရောပစီးပွားရေး ထိခိုက်လာမည့်အရေးကို EU ခေါင်းဆောင်များက အထူးစိုးရိမ်လျက် ရှိကြသည်။

ယင်းစိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်သမ္မတ မက်ခရွန်က အမေရိကန်ဒေါ်လာ၏ စိုးမိုးမှုကို လျှော့ချနိုင်ရန် “Eurobonds” ဟုခေါ်သော EU ဘုံချေးငွေစနစ်သစ်ကို အဆိုပြုခဲ့သည်။ 

ထို့ပြင် အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချ၍ ဥရောပ၏ “မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” (Strategic Autonomy) ကို ပိုမိုခိုင်မာစေရန် မက်ခရွန်က အားပေးတိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံသည် ဥရောပဈေးကွက်အတွင်းသို့ ၎င်း၏ ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် အလုံးအရင်းနှင့် သွန်ထည့်နေသည့် “မမျှတသော ပြိုင်ဆိုင်မှု” များအပေါ် EU ခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့ကြသည်။ 

ထို့ပြင် နည်းပညာကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော အရေးကြီးသတ္တုတွင်းထွက် (Critical Minerals) များ တင်ပို့မှုကို တရုတ်က ကန့်သတ်လိုက်ခြင်းသည် ဥရောပ၏ နည်းပညာအနာဂတ်ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ 

ယင်းကို တုံ့ပြန်ရန်အတွက် ဥရောပကုမ္ပဏီကြီးများ အချင်းချင်း ပေါင်းစည်းကာ ကမ္ဘာ့အဆင့်မီ “ဥရောပချန်ပီယံများ” (European Champions) ပေါ်ထွက်လာစေရန် တင်းကျပ်သော စည်းမျဉ်းများကို ဖြေလျှော့ပေးရန် သဘောတူညီခဲ့ကြသည်။

ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်သည် ဥရောပအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သကဲ့သို့ ဆိုင်ဘာတိုက်ခိုက်မှု၊ ဝါဒဖြန့်မှုနှင့် လုံခြုံရေးနှောင့်ယှက်မှုများအပါအဝင် “Hybrid ခြိမ်းခြောက်မှု” များကိုလည်း ခေါင်းဆောင်များက ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။ 

ဂျာမန်ဝန်ကြီးချုပ်သစ် ဖရိုင်းဒရစ် မာ့ဇ်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ ဘေးချင်းယှဉ်လျက် အစည်းအဝေးသို့ တက်ရောက်လာခြင်းသည် ရုရှားကို ရင်ဆိုင်ရာတွင် ဥရောပ၏ စည်းလုံးညီညွတ်မှုကို ပြသသည့် သင်္ကေတတစ်ခုလည်း ဖြစ်ခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဖိအားများသည် အလွန်ကြီးမားနေပြီဖြစ်ကြောင်း ပြောဆိုကာ လာမည့် မတ်လတွင် တရားဝင်တင်သွင်းမည့် ပြုပြင်ပြောင်းလဲရေး မူဘောင်ကို ချပြခဲ့သည်။ ယင်းတွင် –

·       နိုင်ငံအချင်းချင်း စွမ်းအင်မျှဝေမှု အားကောင်းစေရန် စွမ်းအင်ကွန်ရက်များ အဆင့်မြှင့်တင်ခြင်း၊

·       ဥရောပအတွင်း ဘဏ္ဍာရေး ပေါင်းစည်းမှုကို မြှင့်တင်ကာ ငွေကြေးစီးဆင်းမှု လွယ်ကူမြန်ဆန်စေခြင်း၊

·       ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်နှင့် တရုတ်ကို ယှဉ်နိုင်ရန် လုပ်ငန်းစုကြီးများ ပေါင်းစည်းခြင်းဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ခြင်းတို့ ပါဝင်သည်။

ဦးစားပေး ကိစ္စရပ်များ သတ်မှတ်ရာတွင်မူ ခေါင်းဆောင်များအကြား ကွဲပြားမှုများ ရှိနေဆဲ ဖြစ်သည်။ 

ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်နှင့် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီတို့က စည်းမျဉ်းများကို အမြန်ဆုံး လျှော့ချရန်၊ ဝါရှင်တန်နှင့် ဆက်ဆံရေး ပြန်လည်ပြင်ဆင်ရန်နှင့် Mercosur ကဲ့သို့သော အဖွဲ့အစည်းများနှင့် ကုန်သွယ်ရေးစာချုပ်များ အမြန်ချုပ်ဆိုရန် အလေးပေးခဲ့ကြသည်။ 

သို့သော် ပြင်သစ်သမ္မတ မက်ခရွန်ကမူ ဥရောပထုတ်ကုန်များကိုသာ ဦးစားပေးဝယ်ယူသည့် “Buy European” မူဝါဒနှင့် ကိုယ်ပိုင်စစ်အင်အား တည်ဆောက်ရေးကိုသာ အဓိကထား လိုလားလျက်ရှိသည်။

ယခုဆွေးနွေးခဲ့သည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး၊ အမေရိကန်နှင့် တရုတ်ကို တန်ပြန်မည့် သွင်းကုန်ခွန် မူဝါဒအသစ်များကို ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ကျင့်သုံးနိုင်ဖွယ် ရှိကြောင်း သိရှိရပါသည်။