ယူကရိန်းအရေး ဥရောပသမဂ္ဂအတွင်း သဘောထားကွဲလွဲ၊ ယူကရိန်း ထောက်ပံ့မှု ဟန်ဂေရီ ကန့်ကွက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်။ 

ရုရှား-ယူကရိန်းစစ်ပွဲ (၄) နှစ်ပြည့်မြောက်ရန် နီးကပ်လာချိန်တွင် ရုရှားအပေါ် ချမှတ်မည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို ဥရောပသမဂ္ဂ (EU) က အတည်မပြုနိုင်ခဲ့ကြောင်း ဥရောပ သမဂ္ဂက သတင်းထုတ်ပြန်သည်။ 

ဟန်ဂေရီနိုင်ငံ၏ မမျှော်လင့်ထားသော ကန့်ကွက်မှုများကြောင့် ယခုကဲ့သို့ အစီအစဉ်များ ကြန့်ကြာသွားရခြင်းဖြစ်သည်ဟု EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာ ကာလာ့စ် (Kaja Kallas) က ပြောကြားခဲ့သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) တန်ဖိုးရှိ အကြီးစားချေးငွေအသစ်နှင့်အတူ ရုရှားကို စီးပွားရေးအရ ပိုမိုဖိအားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

သို့သော် EU အဖွဲ့ဝင်များထဲတွင် ရုရှားနှင့် အရင်းနှီးဆုံးဖြစ်သော ဟန်ဂေရီက ပိတ်ဆို့မှုနှင့် ချေးငွေအစီအစဉ်နှစ်ခုစလုံးကို ဟန့်တားမည်ဟု ခြိမ်းခြောက်ထားသည်။ 

ဂျာမန်ဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ယခုအချိန်သည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်၍ ယူကရိန်းအပေါ် ထောက်ခံမှုများ မလျော့ပါးစေရန် တိုက်တွန်းထားပြီး ပြင်သစ်သမ္မတ မာခရွန်ကလည်း ယူကရိန်းကို ဆက်လက်ကူညီသွားမည်ဟု ကတိပြုထားသည်။