ခရိုင်းမီးယားတံတားတွင် ရုရှားစစ်ဘက်သုံးယာဉ် ၅၀ ကျော် ပျက်စီး ဟု ယူကရိန်းပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။ 

ရုရှားတို့သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသနှင့် ယူကရိန်းပြည်မကြီးကို ဆက်သွယ်ထားသည့် အာမြန်စ်ခ် (Armiansk) တံတားအား ယူကရိန်းစစ်ဘက်က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာ ရုရှားစစ်ဘက်သုံး မော်တော်ယာဉ် အစီး ၅၀ ကျော် ပျက်စီးသွားကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားလိုက်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့ဝင်များ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းမှာ လုံးဝရပ်ဆိုင်းသွားပြီး တံတားကိုလည်း အသုံးမပြုနိုင်တော့ကြောင်း ယူကရိန်းစစ်ဘက်၏ ‘ဒါဗင်ချီ’ (Da Vinci) သီးခြားတိုက်ခိုက်ရေးတပ်ရင်းက ထုတ်ပြန်သည်။

တိုက်ခိုက်ခံရသည့် ရုရှားစစ်ဘက်သုံး မော်တော်ယာဉ်များသည် ဇာပိုရီရှား (Zaporizhzhia) ဒေသ စစ်မျက်နှာတွင် အသုံးပြုမည့် ခဲယမ်းမီးကျောက်များနှင့် စက်သုံးဆီများ တင်ဆောင်လာခြင်းဖြစ်ကြောင်း ယူကရိန်း ဘက်က ဆိုသည်။ 

ယူကရိန်းဒရုန်းတပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ရောဘတ် ဘရော့ဗ်ဒီ (Robert Brovdi) ကလည်း မကြာမီကာလအတွင်း ခရိုင်းမီးယားဒေသသို့ ရုရှားတို့ ဝင်ရောက်နိုင်မည့်လမ်းကြောင်းကို ယူကရိန်းအနေဖြင့် အပြတ်အသတ် ဖြတ်တောက်နိုင်တော့မည်ဟု သတိပေးပြောကြားထားသည်။