အရက်မည်မျှ နည်းသည်ဖြစ်စေ လူကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း သုတေသနတွေ့ရှိ (အန္တရာယ်ကင်းသည့် အရက် ပမာဏ ဆိုသည်မရှိ)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
အရက် ပမာဏ အနည်းငယ်သာ သောက်သုံးခြင်းဖြင့် လူကို ဘေးဥပါဒ်မဖြစ်စေနိုင်ဟူသော နှစ်ပေါင်းများစွာ လက်ခံလာခဲ့သည့် အယူအဆ မှားယွင်းကြောင်း အမေရိကန်နိုင်ငံ ဖက်ဒရယ် သုတေသန တစ်ခုက တွေ့ရှိခဲ့သည်။
အရက်ကို အနည်းငယ်သာ သောက်သုံးခြင်းသည်ပင် ကင်ဆာ၊ နှလုံးရောဂါနှင့် အသက်တိုခြင်းတို့ကို ဖြစ်ပွားစေနိုင်ကြောင်း ထို သုတေသနက ဖော်ထုတ်ခဲ့သည်။
ထိုတွေ့ရှိချက်ကို ‘အရက်သောက်သုံးမှုနှင့် ကျန်းမာရေးဆိုင်ရာ လေ့လာမှု’ (The Alcohol Intake and Health Study) အမည်ရှိ အဆိုပါ သုတေသနစာတမ်းကို ‘အရက်နှင့် မူးယစ်ဆေးဝါးဆိုင်ရာ လေ့လာမှု ဂျာနယ်’ (Journal of Studies on Alcohol and Drugs) တွင် မကြာသေးမီက ထုတ်ဝေခဲ့သည်။
အဆိုပါ သုတေသနကို အမေရိကန်နိုင်ငံသားများအတွက် ၂၀၂၅-၂၀၃၀ စားသောက်မှုလမ်းညွှန်ချက် ရေးဆွဲရာတွင် အထောက်အကူပြုစေရန် ဘိုင်ဒင်အစိုးရလက်ထက်က တာဝန်ပေး လေ့လာခိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း၊ အရက်လုပ်ငန်းရှင်များနှင့် လွှတ်တော်ကော်မတီတစ်ခု၏ ကန့်ကွက်မှုများ ရှိခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်သည့် ထရန့်အစိုးရ၏ လမ်းညွှန်ချက်တွင်မူ ထိုတွေ့ရှိချက်များကို ထည့်သွင်းဖော်ပြခြင်းမပြုပဲ ချန်လှပ်ထားခဲ့သည်ဟု သတင်းများတွင် ဆိုသည်။
အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ သုတေသနပညာရှင်များသည် အရက်နှင့် ဆက်နွှယ်နေသော ရောဂါဝေဒနာများနှင့် ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ လေ့လာမှုပေါင်း ၇,၂၀၀ ကျော်ကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်အတူ ပြန်လည်သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုမှ ရရှိလာသော အန္တရာယ်ရှိမှု အဆင့်ဆင့်ကို အမျိုးသားကျန်းမာရေး အချက်အလက်များနှင့် ပေါင်းစပ်ကာ ရေရှည်ကျန်းမာရေးအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို တွက်ချက်ပုံဖော် ခဲ့ကြခြင်းဖြစ်သည်။
လေ့လာမှုအရ တစ်ရက်လျှင် အရက်တစ်ခွက်နှုန်း သောက်သုံးရုံဖြင့်ပင် ကျန်းမာရေးထိခိုက်နိုင်ခြေ စတင်မြင့်တက်လာပြီး၊ အရက်သောက်သုံးခြင်းကြောင့် ကျန်းမာရေးကို ကာကွယ်ပေးနိုင်သည့် ပမာဏရယ်လို့ လုံးဝမရှိကြောင်း ဖော်ပြထားသည်။
လူအများစုက သင့်တင့်မျှတသော ပမာဏဟု ယူဆထားကြသည့် နည်းပါးသော ပမာဏသည်ပင် နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် ကင်ဆာရောဂါ အပါအဝင် နာတာရှည်ရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်ပွားစေနိုင်ပြီး အသက်တိုစေနိုင်ကြောင်း တွေ့ရှိရသည်။
တွေ့ရှိချက်များ အရ တစ်ပတ်လျှင် (၇) ခွက်အထိ သောက်သုံးပါက ရောဂါအများစု ဖြစ်ပွားနိုင်ခြေ အနည်းငယ် မြင့်တက်စေသည်။
တစ်ပတ်လျှင် (၁၄) ခွက်ခန့် သောက်သုံးပါက အရက်နှင့် ဆက်နွှယ်သော အကြောင်းအရင်းများကြောင့် သေဆုံးနိုင်ခြေ ၂၅ ယောက်တွင် ၁ ယောက်နှုန်းအထိ ရှိသည်ကို တွေ့ရှိခဲ့သည်။
(မှတ်ချက်။ ။ စံသတ်မှတ်ချက်တစ်ခွက်ဆိုသည်မှာ ဘီယာ ၁၂ အောင်စ၊ ဝိုင် ၅ အောင်စ သို့မဟုတ် အရက်ပြင်း တစ်ပက်ကို ဆိုလိုသည်)
အဆိုပါ လေ့လာမှုသည် အရက်သောက်ခြင်းက ကျန်းမာရေးကို အထောက်အကူပြုနိုင်သည်ဟူသော ယခင်အယူအဆများကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ယခင်က အရက်သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်ဟု ဆိုခဲ့သော သုတေသနများသည် လူမှုစီးပွားအခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီမှု စသည့်အချက်များကို ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း လက်ရှိ သုတေသနပညာရှင်များက ထောက်ပြကြသည်။
လက်ရှိထုတ်ပြန်ထားသော အမေရိကန်အစိုးရ၏ လမ်းညွှန်ချက်တွင်မူ “ကျန်းမာရေး ကောင်းမွန်စေရန် အရက်ကို လျှော့ချသောက်သုံးပါ” ဟုသာ ယေဘုယျ ဖော်ပြထားပြီး အကန့်အသတ် ပမာဏကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။
ယခု သုတေသနကို ဦးဆောင်ခဲ့ပြီးနောက်ပိုင်းတွင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့် အစိုးရအရာရှိဟောင်း ရောဘတ် ဗင်းဆင့် (Robert Vincent) က ၎င်းအနေဖြင့် အဆိုပါ သုတေသနရလဒ်များကို ဖျောက်ဖျက်ပစ်ရန် ဖိအားပေး အမိန့်ပေးခြင်း ခံခဲ့ရကြောင်း အေပီသတင်းဌာနသို့ ဖွင့်ဟခဲ့သည်။
အမေရိကန် လွှတ်တော်ကြီးကြပ်ရေးကော်မတီကမူ အဆိုပါ သုတေသနသည် “ဘက်လိုက်မှုများ ရှိနေသည်” ဟု စွပ်စွဲထားပြီး၊ အရက်အစည်းအရုံးကလည်း “အမှားအယွင်းများပြားလှသော သုတေသန” ဟု သတ်မှတ်ထားသည်။
သို့သော်လည်း အမေရိကန် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီးဌာန (HHS) ကမူ ၎င်းတို့အနေဖြင့် သုတေသနတစ်ခုတည်းကို အခြေမခံဘဲ အချက်အလက်စုံလင်မှုကို ကြည့်ရှုကာ လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းဆိုထားသည်။
သုတေသနပညာရှင်များ၏ ရပ်တည်ချက်ကမူ ရှင်းလင်းလျက်ရှိပြီး “အရက်သည် နည်းလေ ပိုကောင်းလေဖြစ်ပြီး၊ ပိုမိုသောက်သုံးလေလေ အန္တရာယ် ပိုမိုမြင့်တက်လာလေလေ ဖြစ်သည်” ဟု သတိပေးထားသည်။