ဟော်မုဇ် ရေလက်ကြား သတ်မှတ်ချိန် နီးကပ်လာချိန် အာရှ သင်္ဘောများ အီရန်နဲ့ ညှိနှိုင်း ဖြတ်သန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရ ဖိအားပေးမှုများကို တိုးမြှင့်လိုက်ပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ပေးရန် အင်္ဂါနေ့ (ဧပြီ ၇ ရက်) ညပိုင်းအထိ နောက်ဆုံးရာဇသံ (Deadline) သတ်မှတ်လိုက်သည်။
အကယ်၍ သတ်မှတ်ချိန်အတွင်း လိုက်နာခြင်းမရှိပါက အီရန်နိုင်ငံအား “တစ်ညတာအတွင်း အပြတ်အသတ် ချေမှုန်းသွားမည်” ဟု ထရန့်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
သမ္မတထရန့်သည် စစ်ပွဲအပြီး ကာလတွင် အဆိုပါ အချက်အချာကျသော ရေလမ်းကြောင်းကို အမေရိကန်က တိုက်ရိုက်ထိန်းချုပ်ကာ ဖြတ်သန်းသွားလာမည့် သင်္ဘောများထံမှ “ရေကြောင်းဖြတ်သန်းခ” (Toll Fees) ကောက်ခံသွားမည့် အစီအစဉ် (Concept) ကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းက အမေရိကန်သည် စစ်ပွဲတွင် အနိုင်ရရှိသူဖြစ်သည့်အတွက် အဆိုပါ အခွင့်အရေးရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော် အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် စွမ်းအင်လိုအပ်ချက် မြင့်မားနေသော အာရှနိုင်ငံများသည် အီရန်နှင့် တိုက်ရိုက်ညှိနှိုင်းကာ ၎င်းတို့၏ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် သီးခြားသဘောတူညီချက်များ ရယူနေကြသည်။
ပြည်တွင်းရေနံလိုအပ်ချက်၏ ၉၈ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေရသည့် ဖိလစ်ပိုင်သည် အီရန်နှင့် တိုက်ရိုက်ဆွေးနွေးကာ ၎င်းတို့၏ သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းခွင့်ရရှိရန် အာမခံချက် ရယူနိုင်ခဲ့သည်။
အိန္ဒိယအလံတင်သင်္ဘောများကို အီရန်ဘက်က ဘေးကင်းစွာ ဖြတ်သန်းရန် ဖိတ်ခေါ်ထားသကဲ့သို့ ပါကစ္စတန်ကလည်း သင်္ဘောအစင်း ၂၀ ဖြတ်သန်းခွင့်ရရန် သဘောတူညီချက် ရရှိထားသည်။
အီရန်ရေနံကို အဓိကဝယ်ယူနေသည့် တရုတ်သင်္ဘောများမှာ ရေလက်ကြားကို ပုံမှန်ဖြတ်သန်းနေပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကလည်း နှစ်နိုင်ငံသံတမန်ရေးအရ ၎င်းတို့၏ သင်္ဘောများ ဖြတ်သန်းခွင့်ရရှိထားကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ အာရှနိုင်ငံများအနေဖြင့် အီရန်နိုင်ငံကို ဖြတ်သန်းခပေးဆောင်နေရခြင်း ရှိ၊ မရှိကိုမူ တိကျစွာ မသိရသေးဘဲ ဖြတ်သန်းခွင့်ရခဲ့သော ဂျပန်သင်္ဘောကလည်း အခွန်အခ ပေးရခြင်း ရှိမရှိ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။