ကင်ဂျုံအန်းကို နိုင်ငံတော် ရေးရာ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ရဲ့အဘိုးနဲ့ ဖခင်တို့ရဲ့ ရုပ်တုကြီးနှစ်ခုရှေ့မှာ ထိပ်တန်းအရာရှိတွေနဲ့အတူ စင်မြင့်အလယ်မှာ ထိုင်နေတာကို တွေ့ရပါတယ်။ 

ဒီဓါတ်ပုံကို မတ်လ ၂၃ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာက‌တော့ ကိုရီးယား ဗဟို သတင်း အေဂျင်စီ KCNA လို့ခေါ်တဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင် သတင်းဌာန ဖြစ်ပါတယ်။ 

ဒီရုပ်ပုံနဲ့ အတူ ဖော်ပြတဲ့ အကြောင်းအရာကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ အာဏာပိုင် ဥပဒေပြုလွှတ်တော်က ကင်ဂျုံအန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်လိုက်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ 

နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး မူဝါဒချမှတ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ရေးရာကော်မရှင် (State Affairs Commission) ရဲ့ အကြီးအကဲအဖြစ် ကင်ဂျုံအန်းကို ပြန်လည်ခန့်အပ်ကြောင်း KCNA သတင်းဌာနက ကြေညာခဲ့တာပါ။

“ဒီကနေ့ (မတ်လ ၂၂ ရက်) မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမအကြိမ် ညီလာခံမှာ ရဲဘော်ကင်ဂျုံအန်းကို မြောက်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်လိုက်ပါတယ်” လို့ KCNA က ဖော်ပြခဲ့ပါတယ်။ 

အဲဒီ ဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယား ပြည်သူတစ်ရပ်လုံးရဲ့ တစ်ခဲနက် ဆန္ဒကို ထင်ဟပ်တာဖြစ်တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။

ဝေဖန်သူတွေကတော့ မြောက်ကိုရီးယားရဲ့ ရွေးကောက်ပွဲတွေဟာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်ပြီး ခေါင်းဆောင်ပိုင်းအတွက် ဒီမိုကရေစီနည်းကျ ယောင်ယောင်ပြရုံသက်သက်သာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ကင်ဂျုံအန်းဟာ ၁၉၄၈ ခုနှစ်မှာ သူရဲ့အဘိုးဖြစ်သူ ကင်အီဆွန်း တည်ထောင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက် အုပ်ချုပ်သူဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်ပိုင်းကစလို့ အုပ်ချုပ်ခဲ့တာပါ။

ဒီညီလာခံမတိုင်ခင်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၈၇ ဦးကို အရင်ရွေးချယ်ခဲ့ကြပြီး အသက် ၁၇ နှစ်အထက် မြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့ အာဏာရပါတီက တင်သွင်းထားတဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းကို ထောက်ခံဖို့ ဒါမှမဟုတ် ကန့်ကွက်ဖို့ပဲ ရွေးချယ်ခွင့်ရှိတာပါ။

လွှတ်တော်ကိုယ်စားလှယ်သစ်တွေကို ၉၉.၉၃ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီး ၀.၀၇ ရာခိုင်နှုန်းကသာ ကန့်ကွက်ခဲ့ကြောင်း၊ မဲပေးသူဦးရေ ၉၉.၉၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း KCNA က ဆိုပါတယ်။

နိုင်ငံရဲ့ တတိယ ခေါင်းဆောင်လည်း ဖြစ် တတိယ မျိုးဆက်လည်း ဖြစ်တဲ့ ကင်ဂျုံ အန်းက တော့ သူ့ရဲ့ ဆက်ခံသူအဖြစ် သမီးဖြစ်သူ ကင်ဂျူအေ Kim Ju Ae ကို မကြာသေးခင်က ရွေးချယ်ထားပါတယ်။