စွမ်းအင်အရင်းအမြစ်များ အတိုက်ခံရပါက Hormuz ဟော်မုဇ် ရေလက်ကြား လုံးဝ ပိတ်ပစ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက ၎င်း၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ဖျက်ဆီးမည်ဟု ရာဇသံပေးထားရာ အီရန်ဘက်ကလည်း အလားတူ လက်တုံ့ပြန်သွားမည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အကယ်၍ အမေရိကန်၏ တိုက်ခိုက်မှုကို ခံရပါက ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်မရှိ ပိတ်ပစ်မည်ဖြစ်သည့်အပြင် ဒေသတွင်းရှိ အမေရိကန်နှင့် ဆက်နွှယ်သော အခြေခံအဆောက်အအုံများကိုပါ တိုက်ခိုက်သွားမည်ဟု အီရန်က သတိပေးထားသည်။

သမ္မတထရန့်က သတ်မှတ်ထားသည့် ၄၈ နာရီ ရာဇသံသည် ယနေ့ တနင်္လာနေ့ ညနေပိုင်း (မြန်မာစံတော်ချိန် အင်္ဂါနေ့ မွန်းတည့်ချိန်ခန့်) တွင် ပြည့်မြောက်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတစ် ဘီရိုလ်း (Fatih Birol) က လက်ရှိအခြေအနေသည် ၁၉၇၀ ပြည့်လွန်နှစ်များက ကြုံတွေ့ခဲ့ရသော ရေနံအကျပ်အတည်းထက် ပိုမိုဆိုးရွားနေပြီး ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်နေကြောင်း သတိပေးခဲ့သည်။ 

အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားကို အဓိကအားကိုးနေရသော အာရှနိုင်ငံများသည် ယခုအကျပ်အတည်း၏ဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင်ကြောင်း သိရသည်။

လက်ရှိတွင် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ (LNG) တင်ပို့မှုများ ရပ်တန့်သွားခဲ့သည်။ 

IEA အနေဖြင့် ဈေးကွက်တည်ငြိမ်စေရန် အရန်ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးထားသော်လည်း ယင်းမှာ ယာယီဖြေရှင်းချက်သာဖြစ်သည်။ 

ဟော်မုဇ်ရေလက်ကြား ပြန်လည်ပွင့်လှစ်မှသာလျှင် အကျပ်အတည်း ပြေလည်နိုင်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။