ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် ထရန့် ရာဇသံပေး

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်။

ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်လည်ဖွင့်လှစ်ခြင်းမရှိပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမေရိကန်က အမြစ်ပြတ်ချေမှုန်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်ပြီးနောက်တွင် ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု၏ ၂၀% ဖြတ်သန်းသွားသည့် ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြား မဖွင့်ပေးပါက အီရန်နိုင်ငံတွင် လျှပ်စစ်မီးရှိတော့မည်မဟုတ်ဟု သမ္မတထရန့်က ပြောသည်။

အကယ်၍ မိမိတို့၏ ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံရပါက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်နှင့် ဆက်နွှယ်နေသော စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံအားလုံးကို လက်တုံ့ပြန်သွားမည်ဟု အီရန်က တုံ့ပြန်သတိပေးထားသည်။

ဆော်ဒီအာရေဗျနှင့် ယူအေအီး (UAE) တို့က ယနေ့နံနက်ပိုင်းတွင် အီရန်ဘက်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးက အီရန်မြို့တော် (တီဟီရန်) ကို ယမန်နေ့ညပိုင်းက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု ပြောကြားသည်။

အစ္စရေးတောင်ပိုင်းကို အီရန်ဘက်က တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

သမ္မတထရန့်သည် သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှ ဤသတိပေးချက်ကို အမေရိကန် အရှေ့ဘက်စံတော်ချိန် (EST) အရ မတ်လ ၂၁ ရက် (စနေနေ့)၊ ည ၇ နာရီ ၄၄ မိနစ် (မြန်မာစံတော်ချိန် မတ်လ ၂၂ ရက် (တနင်္ဂနွေနေ့) နံနက် ၇ နာရီ ၁၄ မိနစ်) တွင် တင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာစံတော်ချိန် မတ်လ ၂၄ ရက် (အင်္ဂါနေ့ နံနက် ၇ နာရီ ၁၄ မိနစ်) တွင် သတ်မှတ်ချိန် ၄၈ နာရီ ပြည့်မည်ဖြစ်သည်။