တရုတ်နိုင်ငံမှ လှေငယ်ဖြင့် ထွက်ပြေးလာသူ တစ်ဦးအား တောင်ကိုရီးယား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။
တရုတ်နိုင်ငံမှ စက်တပ်ရာဘာလှေငယ်တစ်စင်းဖြင့် ပင်လယ်ပြင်ကို ဖြတ်သန်းကာ ထွက်ပြေးလွတ်မြောက်လာသည့် တရုတ်အစိုးရဆန့်ကျင်သူတစ်ဦးကို တောင်ကိုရီးယားရေပိုင်နက်အတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အသက် (၆၈) နှစ်အရွယ်ရှိ အဆိုပါအမျိုးသားမှာ ရဲအရာရှိဟောင်းတစ်ဦးလည်းဖြစ်၊ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည့် ဒေါင်ကွမ်ပင် (Dong Guangping) ဖြစ်သည်။
၎င်းကို ပြီးခဲ့သည့် တနင်္လာနေ့ညပိုင်းက တောင်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်း တေအန် (Taean) ခရိုင်အနီး ရေပိုင်နက်အတွင်း ငါးဖမ်းလှေတစ်စင်း၏ သတင်းပေးချက်အရ ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု သံသယဖြင့် စစ်ဆေးလျက်ရှိပြီး တရားစွဲဆိုနိုင်ရေးအတွက် အစိုးရရှေ့နေများထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘေဂျင်းမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် (Mao Ning) အား သတင်းထောက်များက မေးမြန်းရာတွင်မူ ၎င်းအနေဖြင့် ယခုအမှုကို သတိပြုမိခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ယခုကဲ့သို့ အသက် ၇၀ နီးပါးရှိပြီဖြစ်သည့် သက်ကြီးရွယ်အိုတစ်ဦးက လေထိုးရာဘာလှေငယ်ဖြင့် ပင်လယ်ပြင်ကို စွန့်စားဖြတ်သန်း၍ ထွက်ပြေးခဲ့ရသည့် အခြေအနေသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ဆိုးရွားလှသည့် အခြေအနေကို ပေါ်လွင်စေခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် Human Rights in China အဖွဲ့က ထောက်ပြထားသည်။ ဒေါင်ကွမ်ပင်သည် ၁၉၈၉ ခုနှစ် တီယန်အန်မင်ရင်ပြင် (Tiananmen Square) ဒီမိုကရေစီအရေး အကြမ်းဖက်နှိမ်နင်းမှု (၁၀) နှစ်ပြည့် အထိမ်းအမှတ် အသနားခံစာတွင် လက်မှတ်ရေးထိုးခဲ့သဖြင့် ရဲဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။
၎င်းနောက်ပိုင်းတွင် နိုင်ငံတော်အာဏာ ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှုအပါအဝင် အထိမ်းအမှတ်ပွဲများတွင် ပါဝင်မှုများကြောင့် တရုတ်နိုင်ငံ၌ ထောင်ဒဏ်အကြိမ်ကြိမ် ကျခံခဲ့ရဖူးသည်။
၎င်းသည် ယခင်ကလည်း ထိုင်း၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံများမှတစ်ဆင့် တရုတ်နိုင်ငံမှ လွတ်မြောက်ရန် အနည်းဆုံး (၃) ကြိမ်ထက်မနည်း ကြိုးပမ်းခဲ့ဖူးသော်လည်း တရုတ်နိုင်ငံသို့သာ ပြန်လည်နှင်ထုတ်ခြင်း ခံခဲ့ရဖူးသူ ဖြစ်သည်။