ရွှေကူ သုံးရက်ဆက် တိုက်ပွဲအတွင်း စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ပြီး အရပ်သား သေဆုံးမှုများရှိနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား သုံးရက်ဆက် တိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ခံရသလို ဘုန်းကြီးကျောင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားကာ သံဃာတစ်ပါးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

ရွှေကူဒေသခံတစ်ဦးက တစ်နေ့က အရပ်သားတစ်ယောက် ပွဲချင်းပြီးသေတယ်။ ဦးဇင်းတစ်ပါးက ရွှေကူ ရောက်မှ ပျံလွန်တော်မူသွားတယ်။ ရွှေဘုန်းမြင့်ဘက်မှာ အခုကတိုက်ပွဲဖြစ်နေတယ်လေ။ ဒီနေ့နဲ့ဆို သုံးရက် လောက်ရှိပြီ။ ဒီနေ့တော့ နည်းနည်းငြိမ်နေတယ်။ အဲ့တာ ဘုန်းကြီးကျောင်းမှာကျတော့ အဲ့လိုဖြစ်သွားတာပဲ ဟု ပြောသည်။ 

မန္တလေး-ဗန်းမော် ဗျူဟာလမ်းမပေါ်ရှိ ရွှေဘုန်းမြင့်ကျေးရွာ၏ အထက်လမ်းဆုံနှင့် အောက်လမ်းဆုံတို့တွင် စစ်တပ်က တပ်စွဲထားပြီး၊ တပ်စခန်းနှစ်ခုကြားရှိ အဆိုပါကျေးရွာအတွင်း ဩဂုတ်လ ၃ ရက်နေ့ကစတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေဘုန်းမြင့်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဒရုန်းကျရောက် ပေါက်ကွဲခဲ့ကာ အရပ်သားတစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဒဏ်ရာရသွားသည့် သံဃာတော် တစ်ပါးမှာလည်း ရွှေကူမြို့သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်စဉ် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံက ကာယကံရှင်တွေ ကိုယ်တိုင်ကတော့ ဒရုန်းကျတယ်လို့ ပြောတာပဲ။ အထက်လမ်းဆုံနဲ့ အောက်လမ်း ဆုံကြားထဲမှာ အဲ့အလယ်မှာ ရွှေဘုန်းမြင့်ရှိတယ်။ အဲ့လမ်းမကြီးက မန္တလေးဗန်းမော် ဗျူဟာလမ်းကြီးပေါ့ဟု ဆက်ပြောသည်။

မြေပြင်စစ်ရေး အခြေအနေအရ ရွှေကူမြို့အထက်ဘက်ရှိ တော်လှန်ကျေးရွာနှင့် ကိုင်းရွာဘက်များတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ရွှေကူနှင့် ငါးအိုးကြားရှိ ကျေးရွာများဘက်၌လည်း ထိတွေ့တိုက်ပွဲများ ရှိနေဆဲဖြစ်သည်။ 

ဇွန်လအတွင်း စစ်တပ်က ထိုးစစ်ဆင်ခဲ့စဉ်က တော်လှန်ကျေးရွာကို သိမ်းပိုက်နေရာယူခဲ့ကာ တော်လှန်ရေး ပူးပေါင်းအဖွဲ့များ အထိုင်ချသည်ဟု ယူဆရသည့် ပလောင်တောင်ကြောဘက်ကိုပါ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးသည်။

ယခုလက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ရွှေဘုန်းမြင့်ကျေးရွာသည် စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းသို့ ဆက်သွယ်သွားလာနိုင်သည့်အပြင် ရွှေကူမြို့စောင့်တပ်ကို ရှောင်ကွင်းသွားလာနိုင်သည့် အဓိကကျသော ဗျူဟာလမ်းမပေါ်တွင် တည်ရှိနေသည်။ 

ထို့ကြောင့် နှစ်ဖက်တပ်များအကြား စစ်ရေး၊ ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းစိုးမိုးမှု ရရှိရေးအတွက် အပြန်အလှန် ထိုးစစ်ဆင်နေကြခြင်းဖြစ်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ရွှေကူမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်တပ် ဘက်က လည်း ဆုံးရှုံးသွားသည့် နယ်မြေများနှင့် ဗျူဟာလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးလှုပ်ရှားမှု များကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။