စစ်တွေ-ရသေ့တောင် အစပ်တွင် ငါးဖမ်းသမားများကို စစ်တပ်ပစ်ခတ်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

ရခိုင်ပြည်၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ် နယ်စပ်ရှိ နံ့သာကျွန်းအနီးတွင် ငါးဖမ်းလုပ်ကိုင်နေသည့် ဒေသခံ ငါးဖမ်းသမား ၁၁ ဦးကို စစ်တပ်က ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ များက ပြောသည်။

နံ့သာကျွန်း (ခေါ်) အောက်ကျွန်းအနီးတွင် ဩဂုတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းက ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေစဉ် အရပ်ဝတ်ဖြင့် ရောက်ရှိလာသည့် စစ်တပ်စက်လှေက ကမ်းခြေအထိ လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းစက် လှေ သုံးစီးကိုလည်း ယူဆောင်သွားခဲ့သည်။

ရခိုင်မြောက်ပိုင်း ငါးဝယ်ရောင်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပင်လယ်ပြင်မှာ ငါးရှာလို့ မရတာ မဟုတ်၊ စစ်တပ်က အဲ့လို ဖမ်းဆီးသတ်တာတွေ ရှိနေတာလေ။ နံ့သာကျွန်းဆိုတာ သံတွဲ၊ တောင်ကုတ်၊ မာန် အောင်၊ ရမ်းဗြဲဘက်ကအထိ အရင်က ငါးလာဖမ်းတာ။ အခုက နေဗီကပစ်တယ်၊ အဲ့လိုစစ်တပ်လှေတွေက မထင်ရင်မထင်သလို ပေါ်လာပြီး လုပ်နေတော့ ဒေသခံငါးဖမ်းသမားတွေ အသက်စွန့်နေရတာ ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ မကျည်းချောင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် စစ်တွေမြို့ နယ်၊ အောင်တိုင်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးညွန့်ချေမှာ ကမ်းစပ်တွင် လဲကျကျန်ရစ်ခဲ့ကာ ညာဘက် ညှပ်ရိုးအနီး ထိုးသွင်းဒဏ်ရာနှင့် ကျောကုန်း၊ ရင်ဘတ်တို့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ရသည်။

ဒေသခံတစ်ဦးက ပင်လယ်တွေ၊ ချောင်းတွေမှာ ငါးဖမ်းတဲ့ ရခိုင်ငါးဖမ်းသမားတွေကို ပစ်လို့သေတာ သိတာရှိ တယ်၊ မသိတာတွေလည်း ရှိတယ်။ အခု မကျည်းချောင်းကျေးရွာက အမျိုးသားသေတာ၊ ကျန်သူတွေလည်း ပြေးနိုင်လို့လွတ်တာ၊ ကမ်းအထိ လိုက်ပစ်တာ ဟု ပြောသည်။

ထွက်ပြေးလွတ်မြောက်ခဲ့ကြသူများအနက်မှ ဦးအပူးချေ၏ ဘယ်ခြေဖနောင့်နှင့် ဦးမောင်မောင်ထွန်း၏ ညာတံတောင်ဆစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၄ နာရီခန့်က မကျည်းချောင်းကျေးရွာမှ စစ်ဘေးရှောင်များနှင့် ဒေသခံများ စုစုပေါင်း ၁၁ ဦးသည် စက်လှေ သုံးစီးဖြင့် နံ့သာကျွန်းဘက်သို့ ငါးဖမ်းရန် ထွက်ခွာခဲ့ကြခြင်းဖြစ်ပြီး နံနက် ၉ နာရီခန့်တွင် ကျွန်းအနီး၌ ထမင်းစားနေစဉ် စစ်တပ်က အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုအပြီးတွင် စစ်တပ်စက်လှေက ငါးဖမ်းစက်လှေ သုံးစီးကိုပါ ကြိုးဖြင့်ချည်နှောင်ကာ စစ်တွေဘက် ကမ်းသို့ မောင်းနှင်သွားခဲ့သည်။

သေဆုံးသူ ဦးညွန့်ချေ၏ ရုပ်အလောင်းကို မကျည်းချောင်းကျေးရွာသို့ ပြန်လည်သယ်ဆောင်ကာ မိသားစုဝင် များထံ လွှဲပြောင်းပေးအပ်၍ သင်္ဂြိုဟ်ခဲ့ပြီး၊ ဒဏ်ရာရရှိသူများကိုလည်း ဆေးကုသမှုများ ဆက်လက်လုပ်ဆောင် ပေးလျက်ရှိသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ ထိခိုက်မှုနှင့်အတူ လုံခြုံရေးအန္တရာယ်များကိုပါ နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။