စက်သုံးဆီဈေး ကွာဟမှုကြောင့် စစ်ရှောင်များ စားရေ ရိက္ခာ ရှားပါးမှု ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်။ 

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ကရင်နီပြည်အတွင်း ဒေသအလိုက် စက်သုံးဆီဈေးနှုန်း ကွာဟချက် ကြီးမားနေခြင်းကြောင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ ရေရှားပါးမှုဒဏ်များကို ရင်ဆိုင်နေကြရ သည်။

လက်ရှိတွင် ကရင်နီပြည်အတွင်း လောင်စာဆီ တစ်လီတာ ပေါက်ဈေးမှာ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် မယ်စဲ့မြို့ တွင် ကျပ် ၁၀,၀၀၀ ခန့်ရှိသော်လည်း၊ စစ်ဘေးရှောင်အများစု ခိုလှုံရာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် ကျပ် ၁၃,၅၀၀ ရှိနေသည်။ 

လမ်းပန်းဆက်သွယ်ရေး ပိုမိုခက်ခဲသော ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင်မူ ဆီတစ်လီတာလျှင် ကျပ် ၁၆,၀၀၀ မှ ၁၈,၀၀၀ အထိ ဒေသအလိုက် ဈေးနှုန်းမြင့်တက်နေကြောင်း စစ်ရှောင်များက ပြောသည်။

စက်သုံးဆီဈေး မြင့်တက်လာမှုနှင့်အတူ ကုန်ဈေးနှုန်းများပါ လိုက်လံတက်လာခြင်းကြောင့် စစ်ဘေးရှောင်များ အတွက် ထောက်ပံ့မှုများ ယခင်ကထက် နည်းပါးသွားကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ Karenni Hope တာဝန်ခံ ကိုလွမ်းက ပြောသည်။

အရင်က ဆန်တစ်အိတ် တစ်သိန်းဝန်းကျင်ပဲ ရှိရာကနေ အခု တစ်သိန်းခွဲလောက်အထိ ဝယ်နေရတယ်။ ဆီတွေဆိုရင်လည်း အရင်ကထက် တစ်ဆခွဲလောက် တက်သွားတယ်။ သွားဖို့လာဖို့ကစ ခက်ခဲသွားတော့ စစ်ဘေးရှောင်တွေဘက်မှာ အများကြီး ပိုပြီးခက်ခဲသွားတာပေါ့ ဟု ၎င်းက ပြောသည်။

အထူးသဖြင့် ဖရူဆိုမြို့နယ် အတွင်းရှိ ဒိုးပရယ်ကျေးရွာအုပ်စုကဲ့သို့ စစ်ဘေးရှောင် ထောင်နှင့်ချီ ခိုလှုံရာနေရာ များတွင် ရိက္ခာပြတ်လပ်မှုမှာ ပိုမိုဆိုးဝါးလာနေသည်။ 

စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက အရေးပေါ်ဆန် ထုတ်ယူရမှု အခြေအနေနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ရှင်းပြသည်။

စစ်ဘေးရှောင်စခန်း တာဝန်ရှိသူက အရေးပေါ်ဆန် အိတ် ၁၀၀ လောက် ထားလိုက်ပါတော့ ဒီအိမ်ထောင်စု ၁၀၀ ဆီ တစ်ခါတလေ တစ်လတောင်မရှိဘူး ကုန်သွားပြီ။ အရင်တုန်းကဆို အရေးပေါ်ဆန်တောင်မှ တော်တော်နဲ့ မထုတ်ဘူး။ ထုတ်တဲ့လူကတော့ နည်းတယ်။ အခုက များသည်ထက် များလာတယ်။ သူများက ကျနော်တို့ကို စားနပ်ရိက္ခာ ပေးမယ်ဆိုရင် ကိုယ့်ဘာသာသွားသယ်လို့ရှိရင်လည်း ကားခမတတ်နိုင်ဘူး။ ဆီဈေးက အဆမတန် တက်နေတော့ မတတ်နိုင်ဘူးလေ။ ဟု ပြောသည်။

ရိက္ခာအခက်အခဲ အပြင် နွေရာသီကာလ ရေကန်များ ခန်းခြောက်သွားသဖြင့် ရေရှားပါးမှုနှင့်လည်း ထပ်ဆင့် ရင်ဆိုင်နေရသည်။ 

အိမ်ထောင်စု ၃၀ ခန့်အတွက် နှစ်ရက်စာသာ အသုံးပြုနိုင်သည့် ရေသယ်ကားတစ်စီးလျှင် ယခင်နှစ်က ကျပ် ၃ သိန်းသာ ပေးရသော်လည်း၊ ယခုနှစ်တွင် ဆီဈေးကြောင့် ကျပ် ၄ သိန်းခွဲအထိ မြင့်တက်နေကြောင်း ဆိုသည်။

စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ အလုပ်အကိုင်မရှိခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် စစ်ဘေး ရှောင်များမှာ လုံခြုံရေးအရ စိုးရိမ်ရသည့်ကြားမှပင် နေရပ်ပြန်၍ တောင်ယာလုပ်ကိုင်ရန် စဉ်းစားလာနေကြ သည်။ 

လက်ရှိတွင် ဖရူဆိုမြို့နယ်အတွင်း ရိက္ခာ၊ ရေနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ပိုတိုး၍ ရင်ဆိုင်လာနေရ သဖြင့် လူသားချင်းစာနာမှု အကူအညီများ မြေပြင်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည့် လမ်းကြောင်းများ အရေးပေါ် ဖော်ဆောင်ပေးရန် ဒေသခံအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။