အာလူးဈေး ကျသဖြင့် ရှမ်းတောင် တောင်သူများ အရှုံးပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
စိုက်ပျိုးစရိတ် ကြီးမြင့်သော်လည်း အာလူးဈေး ထိုးကျနေသဖြင့် ရှမ်းတောင်မှ တောင်သူများ အရှုံးပေါ်နေကြ သည်။
ရှမ်းပြည် တောင်ပိုင်းမှ ထွက်ရှိသော အာလူးများမှာ သင်္ကြန်ကာလအပြီး၌ ဈေးနှုန်းများ ဆက်တိုက် ထိုးကျလာ သောကြောင့် စိုက်ပျိုးတောင်သူများ အရှုံးပေါ်ကာ အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသတွင်း စိုက်ပျိုးရေး သတင်းရင်းမြစ်များက ပြောသည်။
မြေပြင် အခြေအနေများအရ မြန်မာပြည်အထက်ပိုင်း အညာဈေးကွက်နှင့် ပြည်ပဝယ်လိုအား ကျဆင်းလာခြင်း၊ ဈေးကွက်အတွင်းသို့ တရုတ်အာလူးများ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းများ ထိုးဆင်းသွားခြင်းဖြစ်သည်။
ဟဲဟိုးမြို့ရှိ တောင်သူတစ်ဦးက ၎င်းတို့ကြုံတွေ့နေရသည့် အခြေအနေကို လက်ဖက်ရည်ဈေးနှုန်းနှင့် နှိုင်းယှဉ် ကာ ယခုကဲ့သို့ ပြောသည်။
“လက်ဖက်ရည်တစ်ခွက် တစ်ထောင်ကျော်ပြီ။ ကျနော်တို့ အာလူးစိုက်တာ တစ်ပိဿာ တစ်ထောင်ပဲ ရတယ်။ နောက်နှစ်တွေပဲ မျှော်ရတော့မယ်” ဟု ပြောသည်။
အာလူးဈေးနှုန်း ကျဆင်းရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ စက်သုံးဆီရှားပါးမှုကြောင့် သယ်ယူ ပို့ဆောင်ခ (တန်ဆာခ) မြင့်တက်လာခြင်းနှင့် စားအုန်းဆီဈေး မြင့်တက်မှုကြောင့် ဒေသတွင်း အာလူးကြော် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
လက်ရှိတွင် ရှမ်းတောင်၌ အာလူးတစ်ပိဿာလျှင် ကျပ် ၁,၀၀၀ သာ ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက်တွင် လည်း ကျပ် ၁,၈၀၀ နှုန်း၌သာ ရပ်တန့်နေသည်။
တောင်သူများအနေဖြင့် မြေဩဇာနှင့် ပိုးသတ်ဆေးစသည့် စိုက်ပျိုးစရိတ်များ ကြီးမြင့်လာသည့်အပြင် စက်သုံး ဆီကိုလည်း မှောင်ခိုလမ်းကြောင်းမှ ဈေးကြီးပေးဝယ်ခဲ့ရသဖြင့် နစ်နာဆုံးရှုံးမှု ပိုမိုများပြားနေခြင်းဖြစ်သည်။
အာလူးမျိုးရင်းများ ဝယ်ယူစဉ်က တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ ကျော်အထိ ပေးခဲ့ရသဖြင့် လက်ရှိနစ်နာမှုများ ကို ကာမိရန်အတွက် အနိမ့်ဆုံး တစ်ပိဿာ ၄,၀၀၀ ကျပ်အထိ ရရှိရန် မျှော်လင့်နေကြသည်။
အောင်ပန်းရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးကမူ ဈေးကွက်အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“အာလူးဈေးကွက် ကျရင်လည်း ကြာတယ်။ တက်ရင်လည်း တော်တော်နဲ့ မဆင်းဘူး။ မိုးကုန်အထိတောင် တက်ဖို့ဝေးပါသေးတယ်” ဟု ပြောသည်။
ယနေ့ (ဧပြီလ ၂၅ ရက်နေ့) ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ရောင်းဝယ်ရေး ပွဲရုံတစ်ခု၏ ထုတ်ပြန် ချက်အရ အာလူးဈေးနှုန်းများမှာ အရွယ်အစားအလိုက် S-2/ S-3 အမျိုးအစား ၃,၀၀၀ ကျပ်၊ S-1-OK တစ်ပိဿာ ၂,၀၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ကျပ် ၁,၀၀၀ အထိ ပေါက်ဈေးရှိနေသည်။
ပြည်တွင်းဖြစ် အာလူးများ ဈေးကွက် မကောင်းသည့်ကြားမှ တရုတ် L6 အာလူးများမှာလည်း တစ်ပိဿာ ကျပ် ၁,၀၀၀ နှုန်းဖြင့် ဈေးကွက်အတွင်း နေရာယူထားကြောင်း ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။