မော်ချီး သတ္တုတွင်းကို ဗုံးကြဲ၊ ခဲလုပ်သား ငါးဦးထက်မနည်း သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
ကရင်နီ (ကယား) ပြည်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သတ္ထုတွင်းလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေသော အရပ်သား ခဲလုပ်သား ၅ ဦးထက်မနည်း နေရာတွင်ပင် သေဆုံးခဲ့ရသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခဲလုပ်သား ၅ ဦးထက်မနည်း နေရာတွင်ပင် သေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြု ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရမှုထဲ၌ အမျိုးသမီးများ အပါအဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်စရာ အခြေအနေ လုံးဝမရှိဘဲ၊ သူတို့က လေယာဉ်နဲ့ တိုက်ရိုက်လာကြဲတာပါ။ ကျနော်တို့ ခဲလုပ်သားတွေ ထိပြီး သေဆုံးရတာပါ” ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုသည် ယနေ့ နံနက် ၈ နာရီခွဲခန့်မှစ၍ မော်ချီးဒေသရှိ ခဲမဖြူနှင့် အဖြိုက်နက် သတ္ထုများ ထွက်ရှိရာ ကေတီ၊ ညောင်ပင်နှင့် အမှတ်(၂) စက်ရုံ နေရာများ၊ ကီဒေခဲတွင်း အနီးတဝိုက် အပါအဝင် နေရာ သုံးခုခန့်ကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများမှာ အားလုံး အမျိုးသားများဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် သက်ကြီး အမျိုးသမီးများ လည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များ၏ ပြောဆိုချက်များအရ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများတွင် မြေပြင်တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ အရပ်သားများ အလုပ်လုပ်နေသည့် နေရာများကိုသာ တိုက်ရိုက် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မော်ချီးဒေသသည် မြန်မာနိုင်ငံ၏ သတ္ထုတူးဖော်ရေးအတွက် အရေးပါသော ခဲမဖြူနှင့် အဖြိုက်နက် ထွက်ရှိရာ ဒေသဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက စစ်ကော်မရှင် လက်မှ သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။
မော်ချီးဒေသသည် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော နေရာဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တုန်းကလည်း လူစည်ကားသော (၁၆) ကုန်းရပ်ကွက်ကို လေကြောင်းမှ ဗုံးကြဲခဲ့သောကြောင့် အသက်ငါးနှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၂၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။
ထို့အပြင် ဇွန်လ ၂၅ ရက်နေ့တွင်လည်း တောင်ပေါ်ရွာရှိ ခဲတွင်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ ခဲလုပ်သား ၆ ဦး သေဆုံးခဲ့သည်။
ဒေသတွင်း တော်လှန်ရေးအဖွဲ့များက လေကြောင်းအန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ဒေသခံလူထုများနှင့် စစ်ရှောင်များအနေဖြင့် လေယာဉ်သံကြားပါက ဗုံးခိုကျင်းများ (သို့မဟုတ်) ပုန်းအောင်းနိုင်သည့် နေရာများတွင် နေထိုင်ကြရန် အထူးသတိပေးထားသည်။