မော်ချီး ခဲလုပ်ကွက်ကို စစ်အုပ်စု ဗုံးကြဲ၍ ကလေးများအပါအဝင် ၆ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၌ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုတပ်က အရပ် သားများ နေထိုင်ရာ ရပ်ကွက်အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် မော်ချီး ခဲတူးဖော်ရေး လုပ်ကွက်အနီးရှိ ကျောက်ကြားရပ်ကွက် အတွင်းသို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲချသွားခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ ရုတ်တရက် ဗုံးကြဲခံရမှုကြောင့် အရပ်သား နေအိမ်များ စိစိညှက်ညှက် ပျက်စီးခဲ့ရသည့်အပြင် အပြစ်မဲ့ ကလေးငယ်များနှင့် လူငယ်အချို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

မော်ချီးဒေသခံ အမျိုးသားတစ်ဦးက ဒီမှာ ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ ညနေပိုင်း လူတွေ အိမ်မှာရှိနေချိန်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ရုတ်တရက်လာပြီး ဗုံးတွေ ကြဲချသွားတာပါ။ လာတာတော့ နှစ်စီး၊ ရာသီဥတုကလည်း မိုးတွေ အုံ့နေတော့ ကြဲသွားတာပဲ သိလိုက်တယ်။ ကလေးတွေနဲ့ လူတွေ နေရာမှာတင် သေကုန်တာ။ အိမ်တွေ လည်း စိစိညှက်ညှက်ကို ပျက်စီးသွားတယ် ဟု ပြောသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်အုပ်စုတပ်၏ လုပ်ရပ်သည် ပြည်သူများကို အကြောက်တရားဖြင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း မြေပြင်ရှိ အကူအညီပေးနေသူ ကရင်နီငယ်တစ်ဦးက ပြောသည်။

စစ်အုပ်စုတပ်ဟာ သူတို့ အုပ်ချုပ်ရေး လက်လှမ်းမမီတော့တဲ့ ဒေသတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားနဲ့ ဖိနှိပ်ဖို့ တမင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာဖြစ်ပါတယ်။ တိုက်ပွဲမရှိဘဲ အရပ်သား တွေကို ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ပြောင်ပြောင်တင်းတင်း စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါ တယ် ဟု ၎င်းက ပြောသည်။

မော်ချီးဒေသသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်အုပ်စုတပ်က မကြာခဏဆိုသလို လေကြောင်းမှ ဗုံးကြဲလေ့ရှိပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းကလည်း မော်ချီးဒေသ လိုခါးလိုကျေးရွာ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၃၂ ဦးအထိ သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။

 မော်ချီးဒေသအပါအဝင် ကရင်နီပြည်အတွင်းရှိ စစ်အုပ်စုတပ် လက်လွှတ်လိုက်ရသည့် မြို့နယ်များနှင့် လက်နက် ကိုင် တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် ဒေသများတွင် လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲမှု များ မကြာခဏ ပြုလုပ်လေ့ရှိသဖြင့် ဒေသခံ ပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရှိသည်။

Photo:Crd