ရခိုင်-မကွေးအစပ် ရခိုင်ရိုးမတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်၊ လေကြောင်းမှပါ ဗုံးကြဲနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အစပ် ရခိုင်ရိုးမပေါ်ရှိ သဖန်းရောင်ကျေး ရွာနှင့် တလိုင်းတောင်ကျေးရွာ အနီးဝန်းကျင်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲ များ ပြင်းထန်လျက်ရှိပြီး စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများ ပေးနေကြောင်း ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်များက ပြောသည်။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း ရခိုင်ရိုးမခြေရင်း၌ တည်ရှိသည့် သဖန်းရောင်ကျေးရွာတွင် စစ်အုပ်စုတပ် က အထိုင်ချ၍ ရိုးမပေါ်သို့ စစ်ကြောင်းထိုးလျက်ရှိရာ AA ထိန်းချုပ်ထားသော တလိုင်းတောင်ကျေးရွာ မရောက် မီတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “သရက်ခရိုင်ကို စစ်အင်အားတွေ ဖြည့်ထားတာ။ တလိုင်းရွာ မရောက်ခင် AA တပ်တွေနဲ့ စဖြစ်တာ။ တိုက်ပွဲဖြစ်နေတာ ၄ ရက်လောက်ရှိပြီ” ဟု ပြောသည်။
လက်လွှတ်လိုက်ရသည့် အမ်းမြို့နယ်အတွင်း စစ်အုပ်စုတပ်သည် မကွေးတိုင်း မင်းတုန်းဘက်မှတစ်ဆင့် ရိုးမလမ်းအတိုင်း အင်အားအမြောက်အမြားဖြင့် ထိုးစစ်ဆင်ကာ ဆုံးရှုံးသွားသော နယ်မြေများနှင့် စစ်ရေးဗျူဟာ မြောက် စခန်းများကို ပြန်လည်ရယူနိုင်ရန် မင်းတုန်း-အမ်း လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်လျက်ရှိသည်။
တစ်ဖက်တွင်လည်း မင်းတုန်းဘက်မှ တက်လာမည့် စစ်အုပ်စု စစ်ကြောင်းများ အမ်းမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်မလာနိုင်စေရေးနှင့် လက်ရှိ စိုးမိုးထားပြီးဖြစ်သည့် ရခိုင်ဒေသ စစ်ရေးအသာစီးရမှုကို ဆက်လက်ထိန်း ချုပ်ထားနိုင်ရန် အတွက် အဆိုပါ ရိုးမဝင်ပေါက် လမ်းကြောင်းကို AA က စိုးမိုးပိတ်ဆို့ ဖြတ်တိုက်နေခြင်း ဖြစ် သည်။
တိုက်ပွဲဖြစ်ပွားစဉ် AA ဘက်က စနိုက်ပါများဖြင့် ဖြတ်တိုက်သဖြင့် စစ်အုပ်စုတပ်ဘက်မှ အထိနာနေပြီး လေ ကြောင်းမှ တစ်ဆင့် ဗုံးကြဲ ပစ်ကူပေးနေရကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ် ဒေသခံတစ်ဦးက “နေပြည်တော်ဘက်အထိ သရက်ခရိုင်ကို စစ်အင် အားတွေ ဖြည့်ထားတာက လေးရာလောက် ရိုးမပေါ် တက်သွားပြီ။ သဖန်းရောင်ရွာမှာ စစ်တပ်အထိုင်ချပြီး ရိုးပေါ် တက်တော့ တလိုင်းရွာမရောက်ခင် AA တပ်စိတ်တွေနဲ့ စဖြစ်တာ။ AA က စနိုက်ပါအားနဲ့ဆိုတော့ စစ်တပ်က လေကြောင်းကူတယ်။ နှစ်ဖက်လုံး အကျအဆုံးရှိတယ်လို့ ကြားတယ်။ အခု ပေါ်တာဆွဲသွားတဲ့ ဒေသခံတွေ တောင် ထိတယ်တဲ့” ဟု ပြောသည်။
စစ်ရေးအရ အရေးပါသည့် အဆိုပါ အမ်း-မင်းတုန်း ရိုးတောင်ကျော်လမ်းပိုင်းတွင် စစ်အုပ်စုတပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် AA ဘက်မှ ခရီးသွားပြည်သူများ မကွေးဘက်သို့ ဆင်း လာခြင်း မပြုရန် သတိပေးထားသလို မင်းတုန်းဘက်အခြမ်းတွင်လည်း စစ်အုပ်စုတပ်က လမ်းပိုင်းကို ပိတ်ဆို့ ထားသည်။
အဆိုပါ ရိုးတောင်ကျော်လမ်းပိုင်းရှိ တလိုင်းတောင်ကျေးရွာကို စစ်အုပ်စုတပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ဓာတ်ပုံ – (တလိုင်းတောင်ကျေးရွာ ဩဂုတ်လ (၈) ရက်က လေကြောင်းမှ တိုက်ခိုက်ခံထားရသည့်ပုံ / AA)