ခရစ်တော် ရုပ်ထု ဖျက်စီးသူအား အစ္စရေး အပြစ်ပေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
လက်ဘနွန်တောင်ပိုင်း၊ ဒက်ဘယ်လ် (Debl) ကျေးရွာရှိ ယေရှုခရစ်တော်ရုပ်ထုအား အစ္စရေးစစ်သားတစ်ဦးက ဖျက်ဆီးခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
လက်ဘနွန်တောင်ပိုင်းက ခရစ်ယာန်ကျေးရွာတစ်ခုဖြစ်သည့် ဒက်ဘယ်လ် (Debl) တွင် အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်ရုပ်ထုကို တူနဲ့ထုပြီး ဖျက်ဆီးနေသည့် ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေခဲ့သည်။
အဆိုပါ ဓာတ်ပုံမှာ အစစ်အမှန်ဖြစ်သည်ဟုလည်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။
အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက ယင်းလုပ်ရပ်ကို လက်ခံနိုင်ဖွယ်မရှိသော ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူအား စစ်စည်းကမ်းဆိုင်ရာ အပြင်းထန်ဆုံး အရေးယူမှုများ ပြုလုပ်သွားမည်ဟု လူမှုကွန်ရက် X မှတစ်ဆင့် ကတိပြုခဲ့ပါသည်။
ယေရုရှလင်ရှိ ကက်သလစ်အသင်းတော် ခေါင်းဆောင်များက ဤလုပ်ရပ်သည် ခရစ်ယာန်ဘာသာအပေါ် ကြီးလေးသော စော်ကားမှုဖြစ်ကြောင်းနှင့် အခြားသော ဘာသာရေးအမှတ်အသားများအား စော်ကားခံရမှုများ ရှိနေခြင်းအပေါ် စိုးရိမ်ကြောင်း ဖော်ပြကာ စစ်ပွဲအား အမြန်ဆုံး အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပါသည်။
အစ္စရေးစစ်တပ် (IDF) က ယင်းလုပ်ရပ်သည် တပ်မတော်၏ ကျင့်ဝတ်စံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါရုပ်ထုအား နဂိုအတိုင်း ပြန်လည်ပြုပြင်ထားရှိ နိုင်ရေးအတွက် ဒေသခံလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။