စစ်တွေတွင် အင်အားဖြည့်တင်းနေသည့် စစ်တပ် ဝန်ထမ်းများကိုပါ ဖမ်းဆီး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က အင်အား ဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဝန်ထမ်းများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီးတွင် အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားမှုမှာ တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သည်။
ထိုသို့ တိုက်ပွဲများ ပြင်းထန်လာနေသည့်အတွက် စစ်တပ်ဘက်မှ ဇူလိုင်လ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် စစ်သား အင်အား ၁၀၀ ကျော်ကို ရေကြောင်းမှတစ်ဆင့် ထပ်မံဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။
ဒေသခံ အမျိုးသားတစ်ဦးက “စစ်တွေမှာ စစ်အင်အားတွေ အရင်ကတည်းက များပါတယ်။ ရခိုင်၊ အေအေဆီ ပေးလိုက်ရတဲ့မြို့တွေက ဆုတ်ခွာလာတဲ့ စစ်သားတွေကို အခု အသင့်ပြင်ထားတာ။ ဒါပေမယ့် ရေချမ်းပြင်ရွာ အနီး လက်ရှိဖြစ်လာတဲ့ တိုက်ပွဲအခြေအနေကို စိုးရိမ်စရာ ရှိလာတာ” ဟု ပြောသည်။
စစ်တွေမြို့တွင် AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဇူလိုင်လ ၂၀ ရက်နေ့က မီးသတ်တပ်ကြပ်ကြီးတစ်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးနှင့် စစ်တွေဆေးရုံကြီး ဓာတ်မှန်ဌာနမှ ဝန်ထမ်းတစ်ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။
ဒေသခံစစ်ရေးသတင်းရင်းမြစ် တစ်ဦးက “အခု မြို့ထဲက အရပ်သားတွေကိုပါ ဖမ်းတယ်၊ လုံခြုံရေး တင်း ကျပ်တယ်။ ဇူလိုင် ၂၀ ရက်နေ့က မီးသတ်တပ်ကြပ်ကြီးအပါ အစိုးရဝန်ထမ်း သုံးယောက်ကိုပါ ဖမ်းတာပါ” ဟု ပြောသည်။
ထို့ပြင် စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးကိုလည်း ဇွန်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်တွေအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ တပ်ဖွဲ့ဝင်များက ထပ်မံလာရောက် ဖမ်းဆီးသွားခဲ့သည်။
လက်ရှိတွင် စစ်တွေတိုက်ပွဲများ၌ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူအထိ အသုံးပြုတိုက်ခိုက်လာနေပြီး၊ မြို့နယ် အတွင်းရှိ အမြင့်ကျွန်း၊ ရေချမ်းပြင်၊ ရွှေမင်းဂံနှင့် ကျားမသောက် စသည့်ကျေးရွာများတွင် ကာကင်း များနှင့် ကတုတ်ကျင်းများကို တိုးချဲ့တည်ဆောက်နေသည်။
စစ်တွေမြို့ပေါ်တွင် လုံခြုံရေးကို အထူးတင်းကျပ်ထားကာ စစ်တပ်၊ ရဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က အရပ်ဝတ်များဖြင့် သွားလာကာ ဒေသခံများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေကြသည်။
တစ်ဖက်တွင်လည်း အာရက္ခတပ်တော်က ရေချမ်းပြင်ကျေးရွာ အနီးနေရာများကို တိုက်ခိုက်လျက်ရှိပြီး စစ်တွေ မြို့သို့ ထိုးဖောက်ရန် တဖြည်းဖြည်း ချဉ်းကပ်လာနေကာ၊ စစ်တပ်ဘက်ကလည်း စစ်တွေ-ပုဏ္ဏားကျွန်း နယ် အစပ်ရှိ ဝါဘိုနှင့် ခမောင်းတောကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။
ရခိုင်ပြည် မြောက်ပိုင်းတွင် တစ်ခုတည်း ကျန်ရှိတော့သည့် စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး၊ စစ်တပ်ဘက်ကလည်း မြို့ပတ်လည်တွင် ဘန်ကာများနှင့် စစ်အင်အားများ အပြည့်အဝ ဖြည့်တင်းကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားလျက်ရှိသည်။
Photo:Soe Than WIN/AFP via Getty Images