စစ်တွေမြို့ဝင်ပေါက် ကာကင်းစခန်းများကို AA သိမ်းပိုက်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဝန်းကျင်တွင် အာက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး၊ မြို့ဝင်ပေါက်ရှိ ကာကင်းစခန်းများနှင့် အမြင့်ကျွန်းဘက်မှ စခန်းများကို AA က ထိုးစစ်ဆင် သိမ်းပိုက်လိုက်ကြောင်း ဒေသခံ မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်ကြောင့် တပ်နောက်ပြန်ဆုတ်ခဲ့ရသည်။

ထို့နောက် အောက်တိုဘာလ ဒုတိယပတ်အတွင်း AA က စစ်တွေမြို့ဝင်ပေါက် အမြင့်ကျွန်းနှင့် ပါဒလိတ်အနီးရှိ စစ်အုပ်စု၏ ကာကင်းစခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့သည်။

စစ်ရေးအခြေအနေ သိရှိသူ မြေပြင်သတင်းရင်းမြစ် တစ်ဦးက “AA ဘက်က မင်းချောင်းတံတားကို ဖြတ်ကျော် ပြီး အမြင့်ကျွန်းရွာကို ဝန်းရံ ပိတ်ဆို့ထားတာပါ။ ဝိုင်းထားတာပေါ့နော်။ ဒီရွာပတ်ပတ်လည်မှာ အထိုင်ချထား တဲ့ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်လိုက်နိုင်သလို၊ အမြင့်ကျွန်းကနေ ဒီဘက် ပါဒလိတ်ဆီ သွားတဲ့ လမ်းကြောင်း ပေါ်က စစ်တပ် ကာကင်းစခန်းတွေကိုလည်း AA ဘက်က ဆက်တိုက် ထိုးစစ်ဆင် ရယူထားပြီလို့ ပြောလို့ရ တယ်” ဟု ပြောသည်။

လက်ရှိတွင် အမြင့်ကျွန်းကျေးရွာအတွင်းရှိ ရဲစခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ကျန်ရှိနေ သေးပြီး၊ ပါဒလိတ်တပ်ရင်းဘက်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးနေကြောင်း ဆိုသည်။

ထို့ပြင် AA သည် ဝါဘိုကျွန်းနှင့် ကံ့ကော်ကျွန်းအနီးအထိ ဝန်းရံပိတ်ဆို့ ထိုးစစ်ဆင်နေသလို စစ်တွေ ဒကစ အနီးဝန်းကျင်ကိုလည်း စတင်တိုက်ခိုက်နေပြီဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်အစပ်၊ ရွှေမင်းဂံ ရေတပ်စခန်းအနီးရှိ ငပြီကျွန်း ပေါ်သို့ စစ်အုပ်စုက ရေတပ်စစ်သင်္ဘောများ၊ အမြန်ရေယာဉ်များဖြင့် အင်အားအလုံးအရင်း သုံးကာ အသေခံ ကမ်းတက်ထိုးစစ်ဆင်နေသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေဆဲဖြစ်သည်။

ငပြီကျွန်း စစ်မျက်နှာတွင် စစ်သားအလောင်း ၄၀ ခန့် ရရှိထားပြီး သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

ပေါက်တောဒေသခံတစ်ဦးက “ငပြီကျွန်း ဘက်မှာတော့ စစ်အုပ်စုက ကမ်းလုံးဝ မတက်နိုင်တာမျိုးလည်း မဟုတ်သလို ကျွန်းတစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်တာလည်း မဟုတ်ဘူး။ စစ်တွေဘက်ကနေ ရေတပ်နဲ့ လေ ကြောင်းပစ်ကူတွေ တောက်လျှောက် ပေးနေတယ်။ ဒါကြောင့် ဒီဘက်ကမ်းခြေတစ်လျှောက်မှာတော့ နှစ်ဖက် အပြန်အလှန် အပြင်းအထန် တိုက်ပွဲဖြစ်နေကြတုန်းပဲ” ဟု ပြောသည်။

မြေပြင်တွင် စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသော စစ်အုပ်စုတပ်သည် စစ်တွေမြို့ပေါ်မှနေ၍ လက်နက်ကြီး များ ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်နေသည်။

ယခုကဲ့သို့ စစ်တွေမြို့ဝင်ပေါက် ကာကင်းစခန်းများနှင့် ငပြီကျွန်း စစ်မျက်နှာများတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်းကြောင့် စစ်အုပ်စုတပ်သည် စစ်ရေးအရ အထိနာကာ မြို့တွင်းမှနေ၍ လက်နက်ကြီးများနှင့် လေကြောင်း တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာနေပြီး အရပ်သား ထိခိုက်မှု အခြေအနေများကိုပါ ဆက် လက် စောင့်ကြည့်နေရဆဲ ဖြစ်သည်။