နေအိမ်လိုင်းခန်းများမှ နှင်ထုတ်ခံနေရသည့် ခလရ ၂၇၁ တပ်ရင်းမှ စစ်သားများ၏ မိသားစုဝင်များ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
“အခုနှင်ထုတ်ခံရတဲ့သူတွေထဲမှာ တိုက်ပွဲမှာ ကျသွားတဲ့သူတွေ၊ ပျောက်သွားတဲ့သူတွေရဲ့ မိသားစုဝင်တွေလို့ ပြောလို့ရတယ်။ သူတို့စွပ်စွဲတာတော့ ရှေ့တန်းမှာ တာဝန်ကျတဲ့ တပ်ဖွဲ့ဝင်က တောခိုသွားလို့ဆိုတာမျိုး ပြော တယ်။ တကယ်တော့ သူတို့ရှေ့တန်းသွားလိုက်ကတည်းက နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုနဲ့က အဆက် အသွယ်ရတော့မှ မဟုတ်တာ။”
နှင်ထုတ်ခံရသော တပ်မိသားစုနှင့် နီးစပ်သူက ပြောပြခြင်း ဖြစ်သည်။
၎င်းက “နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုဆိုတာ ကိုယ်အိမ်က သားဖြစ်ဖြစ်၊ အိမ်က အမျိုးသား၊ ယောက်ကျား ဖြစ်ဖြစ် ရှေ့တန်းသွား လိုက်ရင် ဘာအဆက်အသွယ်မှ ရတော့တာမဟုတ်ဘူး။ တပ်က သတင်းလာပို့မှ သိရတာ။ အခု လိုမျိုး နှင်ထုတ်တာကတော့ မလုပ်သင့်ဘူး။ တချို့ဆို ဒီနေ့အချိန်ထိ မိသားစုက သေလား၊ ရှင်းလား၊ တိုက် ပွဲထဲ ကျသွားတာလား၊ အဖမ်းခံရတာလား ဆိုတာကို ဘာဆိုဘာမှ မသိကြပါဘူး” ဟု ဆက် ပြောသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်မြို့ အခြေစိုက် အမှတ် ၂၇၁ ခြေလျင်တပ်ရင်း (ခလရ ၂၇၁ ) က ပျောက်ဆုံးနေသည့် စစ်သည်များ၏ မိသားစုဝင်များကို တပ်တွင်းရှိ နေအိမ်လိုင်းခန်းမှ နှင်ထုတ်လိုက်သည်ဟု ယင်းတပ်နှင့် နီးစပ်သူများက ပြောသည်။
ရှေ့တန်းစစ်မျက်နှာ အပို့ခံရသော ခလရ ၂၇၁ က ဒုတပ်ကြပ်တစ်ဦး အပါအဝင် စစ်သည် ၁၂ ဦးကို တောခိုသွား ပြီဟု ဆိုကာ ၎င်းတို့၏ မိသားဝင်များကို ဇန္နဝါရီလ ဒုတိယပတ် အတွင်းက နှင်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
နှင်ထုတ်ခံရသော တပ်မိသားစု နှင့် နီးစပ်သူ တစ်ဦးက “ရှေ့တန်း ထွက်သွားကတည်းက မိသားစုနဲ့ အဆက် အသွယ်မရဘူး။ တပ်ရင်းရုံး သွားမေးတော့ တောခိုသွား တယ် ပြောတယ်။ ပြီးတော့ တပ်ထဲကနှင်ထုတ် လိုက် တယ်” ဟု ပြောသည်။
ထိုစစ်သည် ၁၂ ဦးမှာ တိုက်ပွဲ၌ ကျသွားခြင်းဖြစ်နိုင်ပြီး နစ်နာကြေးနှင့် ပင်စင်ကို မပေးချင်သည့် အတွက် တောခို သွားသည်ဟု အကြောင်းပြကာ မိသားစုဝင်များကို တပ်တွင်း နေအိမ်လိုင်းခန်းကနေ နှင်ထုတ်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ပျောက်ဆုံးနေသော စစ်သည် ၁၂ ဦးထဲတွင် ခလရ ၂၇၁ ၏ ဒုတပ်ရင်းမှူးလည်း ပါဝင်သည်ဟု ဆိုကြသည်။
တပ်တွင်းနှင့် နီးစပ်သူက “ရှေ့တန်းမှာ တိုက်ပွဲကျ သွားကြတာကို အုပ်ထားပြီး တောခိုသွားတယ်လို့ လုပ်လိုက် တာပါ။ ရှေ့တန်း ထွက် သွားတဲ့ ဒုတပ်ရင်းမှူးနဲ့ နောက်တန်းက သူ့မိန်းမတောင် အဆက်အသွယ်မရတာ တောခို သွားတယ် ဆိုတာ ဘယ်လို ဆက်သွယ်လို့ သိတာလဲ၊ နောက်တန်းမှူး ပြောတာ မယုံဘူး” ဟု ပြောသည်။
ခလရ ၂၇၁ ၏ ဒုတပ်ရင်းမှူး၏ ဇနီးသည်ဖြစ်သူက သူမ အမျိုးသား တောခိုသွားသည်ဟု ပြောဆိုချက်အပေါ် မယုံကြည်ဘူး ဟု ဆိုသည်။
အဆိုပါ ဒုတပ်ရင်းမှူး၏ ဇနီး ဖြစ်သူမှာ လက်ရှိတွင် သူမ၏ အမျိုးသားနှင့် အဆက်သွယ်မရသောကြောင့် စိုးရိမ်စိတ်ပူပြီး ဗေဒင်မေးခြင်း၊ ယတြာချေခြင်းတို့ကို လုပ်သည်ဟု ဆိုကြသည်။
အဆိုပါ ခလရ ၂၇၁ တပ်ရင်းမှ ၂၀၂၃ ခုနှစ်က စက်တင်ဘာလက စတင်၍ ဒေသအတွင်းရှိ ပျူစောထီးအဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ဒေသတွင်း လူငယ်များကို စည်းရုံးက ပြည်သူ့စစ်သင်တန်းများကိုလည်း ပေးလျှက်ရှိ သည့် တပ်ရင်းတစ်ရင်းဖြစ်သည်။
ဧရာဝတီတိုင်းက ပြည်သူများကို နေ့စားခများပေးပြီး ပြည်သူ့စစ်သင်တန်းတက်ရန် စည်းရုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ပုသိမ်မြို့နယ်၊ ချောင်းသာနှင့် ငွေဆောင်က စုစုပေါင်း လူဦးရေ ၈၀ နီးပါးခန့်ကို နေ့စားခ တစ်ရက် ကျပ်ငါးထောင်ပေးပြီး ပုသိမ်မြို့ရှိ အမှတ် (၂၇၁) တပ်ရင်း၌ ခုနစ်ရက်ကြာ ပြည်သူ့စစ်သင်တန်းပေးခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံတစ်ဦးက “အဲ့တုန်းကတော့ ဒီ ကျနော်တို့ ငရုတ်ကောင်းမြို့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်က ပြည်သူတွေ လည်း ပါတယ်။ နောက်ပြီး မှတ်မိသလောက်ဆိုရင် သဲဖြူတို့၊ မိကျောင်းခေါင်းတို့၊ ပြီး ဒီချောင်းသာနဲ့ ငွေဆောင်က လူတွေတောင် ပါသေးတယ်။ နေ့စားပေးတဲ့ သဘောလို့ပဲ ပြောရမှာတော့ တစ်ယောက်ကို တစ်ရက်အတွက် ၅၀၀၀ ပေးတယ်။ ၇ ရက်ဆိုပြီး တွက်ပေးတာဗျ” ဟု ပြောသည်။
အဆိုပါ ပြည်သူ့စစ်သင်တန်းအား ယခင်က စစ်တပ်ထောက်ခံသူများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များကိုသာ ခေါ်ယူသင်တန်းပေးလေ့ရှိသည်။
သို့သော် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သာမန်အရပ်သားများကိုပါ ဖိအားပေးခေါ်ယူနေခြင်း၊ နေ့စားပေးခေါ်ယူခြင်းများကို လုပ်နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ပုသိမ်မြို့နယ်၊ ချောင်းသာနှင့် ငွေဆောင်ထဲက ပြည်သူ့စစ် သင် တန်း မတက်ချင်သော လူငယ်များမှ အခြားသော မြို့ရွာများတွင် တိမ်းရှောင်နေကြရသည်။
အလားတူ အမှတ် – ၂၇၁ ခြေလျင်တပ်ရင်း က တပ်ဖွဲ့၀င်အချို့မှာ တပ်တွင်းမှ ထွက်ပြေးမှုများလည်း ရှိနေ သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ငပုတောမြို့နယ် ထိပ်စွန်းဒေသတွင် ခလရ ၂၇၁ တပ်ရင်း က တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံးကာ ပစ်ခတ်သွားသည့် တပ်သားမှာမူ ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်။
အဆိုပါ အမှတ် – ၂၇၁ တပ်ရင်းအတွင်း အချင်းချင်းကြား ပစ်ခတ်မှုများနှင့် ရှေ့တန်းမှ တပ်သားများ ထွက်ပြေး သွားသည် ဆိုသော သတင်းများအပြင် နောက်တန်း တပ်ရင်းတွင် ရှိနေသော စစ်ကောင်စီ တပ်သားများ တပ် တွင်းမှ ထွက်ပြေးမှုများ ရှိနေသည်။
သို့သော် ထိုသို့သော အခြေအနေများ ဖြစ်ပေးနေခြင်းမှာ တပ်တွင်း နောက်တန်းတွင် ကျန်ရစ်သည့် မိသားစုများ နှင့် မသက်ဆိုင်သကဲ့သို့ ၎င်းတို့၏ မိသားစုဝင်များမှာ အခြေအနေများကိုလည်း မသိကြပေ။
ထို့အပြင် ရှေ့တန်းစစ်မျက်နှာ၌ ရောက်နေသော စစ်သည်များနှင့် နောက်တန်းရှိ မိသားစုဝင်များ ဆက်သွယ်မှု မလုပ်ကြရန် တိုင်းစစ်ဌာနချုပ်က တားမြစ်ထားပြီး အမှန်တကယ် တောခိုသွားသည် ဆိုပါက ဆိုရှယ်မီဒီယာများ တွင် ပါလာမှာ သေချာသည်ဟု တပ်တွင်း သတင်းအရင်းအမြစ် အချို့က ပြောသည်။
တပ်တွင်းမိသားစုများကို နှင်ထုတ်ရသည့် အကြောင်းအရင်းမှာ ပုသိမ်အခြေစိုက် ခလ၇ ၂၇၁ တပ်ရင်းတွင်သာ ဖြစ်ပွားနေသည့် ကိစ္စရပ်မဟုတ်ဘဲ နိုင်ငံတဝှမ်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊ တပ်စခန်းများတွင်ပါ ဖြစ်ပွားလျှက်ရှိသည်။
တိုက်ပွဲအတွင်း ကျဆုံးသူများ၊ တပ်ပြေးများ၏ လစာများကို သက်ဆိုင်ရာ တပ်ရင်းမှူးများက ထုတ်ယူနေသလို ယခုကဲ့သို့ တိုက်ပွဲ၌ ပျောက်ဆုံးသွားသူများ၏ လစာနှင့် ရိက္ခာများကို အထက်အရာအရှိများ အတူတကွ ထုတ်ယူနေကြသည်ဟု အငြိမ်းစား စစ်တပ်အရာရှိ တစ်ဦးက ပြောသည်။
“ဦးလေး သူငယ်ချင်းဆိုရင် သူက ပင်စင်စားမဟုတ်ဘူး။ တကယ်တော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်ပြေး ပေါ့လေ။ သူ့ကို အရင်က စစ်အစိုးရခေတ်တုန်းကဆိုရင် တပ်ပြေးမှုနဲ့ ရဲတွေနဲ့ စစ်တပ်က လူတွေ ပေါင်းပြီး ခဏ ခဏ အိမ်မှာလာရှာ။ ပြီးရင် ငွေညှစ်တယ်။ ဒီ အရပ်သား အစိုးရလက်ထက်မှ အဲ့ဒါမျိုး မရှိတော့တာ။ ဆိုတော့ တပ်ထဲမှာ သူ့စာရင်းက ရှိနေတုန်းဆိုတာ အတိအကျ ပြောလို့ရတယ်လေ။ ဦးလေးတို့က စစ်မှုထမ်း ဟောင်း ဆိုပြီး ပင်စင်ရတယ်။ သူက ပင်စင်လည်းမရှိဘူး။ ငွေညှစ်တာလဲ ခံရတယ်။ ဒီပြီးခဲ့တဲ့ နှစ်အထိဆိုရင် သူက အိမ်က နေတောင် ရှောင်နေနေရတာ၊ လာခေါ်မှာစိုးလို့လေ။”
တိုက်ပွဲများ ဆက်တိုက် ရှုံးပြီး စစ်စခန်းများ၊ မြို့များ လက်လွှတ်နေရသည့် စစ်ကောင်စီသည် စစ်သည်အင်အား ချိနဲ့လျော့ကျလာသည့် အတွက် တိုက်စွမ်းရည်မရှိသော လက်ရုံးတပ်များ ပျူစောထီးများ စစ်စည်းကမ်း ချိုး ဖေါက်၍ ထောင်ကျပြီး လွတ်ငြိမ်းခွင့်ရသူ စစ်သားဟောင်းများ အင်အားဖြည့်တင်း အသုံးပြုနေသည်။
ပုသိမ်မြို့က အရေးအခင်းများကို အကြမ်းဖက်ဖြိုခွင်းရန် နှင့် ဧရာတီတိုင်း ပင်လယ်ကမ်းခြေ စိုးမိုးရေးတွင် သုံး သည့် ခလရ ၂၇၁ ကို ရှေ့တန်း စစ်မျက်နှာပို့ခံခဲ့ရပြီးနောက် တိုက်ပွဲ၌ သေဆုံးသွားသည့်သူ နှင့် တပ်မှ ထွက်ပြေး သွားသူ များလာသည်ဟု အနောက်တောင်တိုင်း စစ်ဌာနချုပ် တပ်တွင်း သတင်းအရင်းအမြစ်များ၏ ပြောပြ ချက်အရ သိရသည်။
ခလရ ၂၇၁ တပ်ရင်းသည် ပုသိမ်မြို့ အဝင်၊ ဒိုက်ထူကျေးရွာအနီးက ပုသိမ် ပညာရေး ကောလိပ်နှင့် ကပ်လျှက် ပုသိမ်လေဆိပ် အရှေ့တည့်တည့်တွင် တည်ရှိသည်။
အခြားသော တပ်ပေါင်းစုံ အရည်အချင်း အားနည်းသည့် စစ်သား နှင့် အရာရှိတို့ကို အချိုးကျ ဆွဲထုတ် စုစည်း ပြီး ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသ စိုးမိုးရေးအတွက် အင်အား ၁၈၀ ကျော်ဖြင့် ၁၉၉၃ ခုနှစ် ဝန်းကျင် က စတင်ဖွဲ့စည်းခဲ့ကြသည်။