ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်ဆဲဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်အတွင်း၌ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ နိုဝင်ဘာ လ ၆ ရက်နေ့ တွင် စစ်ကော်မရှင်၏ ခလရ (၄၇) တပ်ရင်းဘက်၌ တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သည် ဗန်းမော်မြို့ကို ထိုးစစ်ဆင်လျက်ရှိပြီး၊ စစ်ကော်မရှင်တပ် က ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နေရာများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် အင်အား အလုံးအရင်း ဖြင့် ကြိုးပမ်းတိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က “ဗန်းမော်ဘက်မှာ တော့ နေ့တိုင်း တိုက်ပွဲ ဖြစ်ပါတယ်။ အခုအချိန်မှာကတော့ စစ်ကော်မရှင် စစ်သားတွေလည်း သူတို့ လက်လွှတ် ဆုံးရှုံး ခဲ့တဲ့ စခန်းတွေ၊ နေရာတွေ၊ မြို့ရွာရပ်ကွက်တွေ ပြန်ထိန်းချင်လို့ မြေပြင်ကနေလည်း ထိုးတာ။ လက် နက်ကြီးမျိုးစုံနဲ့ ပစ်ပြီးမှ ဒီဗန်းမော်မြို့မှာတော့ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ တိုက်ပွဲတွေက ဆက် တိုက်ဖြစ်တယ်။ အဲ့ဒါက ဗန်းမော်ဘက်က အခြေအနေ” ဟု အတည်ပြုပြောဆိုသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကတည်းက စတင်ခဲ့သည်ဖြစ်ရာ လက်ရှိအချိန်အထိ ၁၀ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။
နိုဝင်ဘာလ ပထမပတ်အတွင်း နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်နေသည့် နေရာများမှာ ဗန်းမော်တက္ကသိုလ်ဝင်း နေရာ၊ ၃ မိုင် နေရာ နှင့် စစ်ကော်မရှင်တပ်၏ ခလရ ၄၇ တပ်ရင်းအနီးတစ်ဝိုက်တို့ဖြစ်သည်ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲများ ပြင်းထန်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နှစ်ဖက်၏ အပြန်အလှန် ထိုးစစ်များကြောင့် ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်၊ ဩဂုတ်လ အတွင်း စစ်ကော်မရှင်တပ်သည် စစ်သင်္ဘော အစီး ၂၀ ကျော် အသုံးပြု၍ စစ်လက် နက်နှင့် ရိက္ခာများ ပို့ဆောင်နိုင်ခဲ့သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများအပြင် အဆင့်မြင့် ဒရုန်းများကိုပါ သိသိသာသာ အသုံးပြုလာခဲ့သည်။
KIA အနေဖြင့် အောက်တိုဘာလဆန်းပိုင်းအတွင်း လက်လွတ်လိုက်ရသည့် ကာကင်းတပ်စခန်း ၃ ခု နှင့် ရွှေပြည် သာက KBC ဘုရားကျောင်းဝင်းနေရာ တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ဗန်းမော်မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ရန်အတွက် နှစ်ဖက်တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
ဗန်းမော်အပြင် ကချင်ပြည်ရှိ အခြားစစ်မျက်နှာများတွင်လည်း စစ်ရေးတင်းမာမှုများ ဆက်လက် ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။
“နောက် ဝိုင်းမော်ဘက်မှာလည်း လေကြောင်းနဲ့ ပစ်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်။ မြေပြင်နေ တော့ သူတို့ထိုးတက်တာ မတွေ့ရဘူး။ ဖားကန့်ဘက်မှာတော့ တပတ်လောက်တော့ ငြိမ်နေပါတယ်။ လန်ဆယ် ဘက်မှာကတော့ သူတို့လည်း ထိုးလာလို့ ကျနော်တို့ ခုခံတိုက်ပွဲတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ရွာတွေ ဘာတွေ ရွာနာမည်တွေ သိပ်မသိဘူး။ ကျနော်တို့လည်း သိပ်မကျွမ်းဘူး။”
အဆိုပါ ပြောဆိုချက်အရ ဝိုင်းမော်ဘက်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများရှိနေသော်လည်း မြေပြင်၌ ထိုးစစ်မှာ ငြိမ်သက်နေပြီး၊ လန်ဆယ်ဘက် တွင်မူ KIA နှင့် စစ်ကော်မရှင်တပ်တို့အကြား ခုခံတိုက်ပွဲ များ ဖြစ်ပွားလျက်ရှိနေသည်။
ဗန်းမော်တိုက်ပွဲကို ရပ်တန့်စေရန်အတွက် နိုင်ငံရေးဖိအားများလည်း ရှိနေသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ် တွင် KIO နှင့် တရုတ်အာဏာပိုင်များ တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံခဲ့ပြီးနောက် တိုက်ပွဲ ငြိမ်သက်သွားပြီဆိုသော သတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
သို့သော်လည်း စစ်ကော်မရှင် ဝါဒဖြန့်သူများက KIO/KIA နှင့် စစ်တပ်တို့ တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်နေပြီဟု ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ်နေသည်ကို KIA ဘက်က ငြင်းဆိုထားသည်။
ဗန်းမော်မြို့သည် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ မြို့နယ်တို့ပါဝင်သော ခရိုင်ရုံးစိုက်ရာ ဒေသဖြစ်ပြီး၊ KIA နှင့် ပူးပေါင်းတပ်များက မိုးမောက်နှင့် မံစီမြို့များကိုမူ သိမ်းပိုက်ထားပြီး ဖြစ်သည်။