စိုက်စရိတ်ချေးငွေများ ဆပ်ရန် မြို့နယ် စိုက်/ဘဏ်မန်နေဂျာ ဖိအားပေး ခြိမ်းခြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်။
ကျုံပျော်မြို့နယ်အတွင်းမှ လယ်သမားများအား ၂၀၂၀ ခုနှစ်က ချေးယူထားသည့် စိုက်ပျိုးစရိတ် ချေးငွေများကို ပြန်လည်ပေးဆပ်ရန် မြို့နယ် စိုက်/ဘဏ် မန်နေဂျာမှ ဖိအားပေးခြိမ်းခြောက် နေသည်ဟု ဒေသခံ လယ်သမား အချို့က ပြောသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှ လယ်သမားများအား ၂၀၂၀ ခုနှစ်က ချေးယူထားသည့် မိုးစပါး၊ ဆောင်း စပါးနှင့် ကိုဗစ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် ဇန္နဝါရီလ နောက်ဆုံးပတ်အတွင်းက နို့တစ်စာကို အုပ်ချုပ် ရေးမှူးမှ လာပေးခဲ့သည်ဟု လယ်သမားများက ပြောသည်။
ဒေသခံလယ်သမားတစ်ဦးက “အုပ်ချုပ်ရေးမှူးက သတ်မှတ်ရက်မှာပြန်မဆပ်နိုင်ရင် ရဲစခန်းပို့ပြီး ချုပ်နှောင် အရေးယူသွားမှာလို့ ခြိမ်းခြောက်သွားသေးတာ” ဟု ပြောသည်။
ဆက်လက်ပြီး နို့တစ်စာတွင် ကျုံပျော်မြို့နယ် စိုက်/ဘဏ်မန်နေဂျာ ဦးကြည်လွင်က လက်မှတ်ရေးထိုးကာ လာ မည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးဆပ်ရမည်ဟု ဆိုသည်။
လယ်သမားကြီး တစ်ဦးက “ဒီကာလကြီးမှာ ဘယ်လောက် ကျပ်တည်းကြတယ် ဆင်းရဲတွင်းနက်နေကြ တယ် ဆိုတာ သူတို့လည်းသိကြသားနဲ့” ဟု ပြောသည်။
အပင်နှစ်ဆယ်ကျေးရွာမှ လယ်သမားတစ်ဦးက ယခုနှစ်တွင် စပါးဈေးကောင်းသော်လည်း ကုန်သည်များ လက် ထဲစပါးရောက်မှ ဈေးတက်ခြင်းဖြစ်ပြီး လယ်သမားများမှာ သွင်းအားစုများ ဈေးကြီးမြင့်သဖြင့် အများစုမှာ အရှုံး ပေါ်ခဲ့ကြသည်ဟု ပြောသည်။
ကွင်းသုံးဆင့်ကျေးရွာမှ လယ်သမားတစ်ဦးက “ပုံစံ (၇) အပေါင်ထားပြီး စိုက်ဘဏ်မှာ ချေးရတာလေ၊ အကြွေး မဆပ်ရင် ထပ်ချေးလို့မရဘူး ဆပ်ချင်တာပေါ့ မပြေလည်လွန်းလို့သာ အတိုးတက်ခံပြီး နေရတာ။ ထုတ် ဆပ် လုပ်လို့ရမှန်းသိပေမယ့် ဘဏ်တိုး၊ ဒါဏ်ကြေးနဲ့ ဝန်ဆောင်ခကို မပေးနိုင်လို့ ငုတ်တုတ်ထိုင်နေရတာ” ဟု ပြော သည်။
NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက် ရောဂါဖြစ်ပွားခဲ့ပြီးနောက် လယ်သမားများ စီးပွား ရေး ပြန်လည်ထူထောင်နိုင်ရန်အတွက် ကိုဗစ် အထူးချေးငွေကို စိုက်/ဘဏ်မှချေးပေးခဲ့ကြောင်း ရပ်ကျေး အုပ် ချုပ်ရေးမှူးဟောင်း တစ်ဦးက ပြောသည်။
“ကိုဗစ်ချေးငွေကို ပြန်ဆပ်ရမယ့် ကာလတော့ မပါဘူး။ အတိုးနှူန်းလည်း သတ်မှတ်မထားဘူးဗျ။ နောက်ပြီး ချေး ငွေမဆပ်ရင် ဖမ်းဆီးချုပ်နှောင် ခံရမယ်ဆိုတာမျိုးလည်း မရှိဘူး။ အပေါင်ပေးထားတာပဲ နောက်ဆုံး လယ်သိမ်း ချင်သပဆို ကြေးဖြတ်သိမ်းပေါ့။ ဝန်ထမ်းတွေက ရိုက်စားလုပ်ဖို့ လယ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်ပြီး ဆပ်ခိုင်းနေတာ” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း ၂၀၂၀ ခုနှစ်က ချေးယူထားသည့် မိုးစပါး၊ ဆောင်းစပါးနှင့်ကိုဗစ်ချေးငွေများကို ဖေဖော်ဝါ ရီလအတွင်း ပြန်လည်ပေးဆပ်ကြရန် ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်ရှိ လယ်သမားများ အား ဖိအားပေး ခြိမ်းခြောက် တောင်းခံနေရသည်ဟု လယ်သမားများက ပြောသည်။