ကျောင်းသားများသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွက် စစ်ကောင်စီ တာဝန်ခံရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ကလေးငယ်များနှင့် အရပ်သားများ အတွက် စစ်ကောင်စီ တွင် တာဝန်ရှိပြီး တရားမျှတမှုရရှိရန် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။
၎င်းဖြစ်စဉ်အတွက် စစ်ကောင်စီ၌ တာဝန်ရှိပြီး စက်ဆုပ်ရွံ့ရှာဖွယ် လုပ်ရပ်ဖြစ်သည်ဟု IEC အထွေထွေ အတွင်း ရေးမှူး ခူးပလုရယ်က ပြောသည်။
“ဒီတရားမဝင် အာဏာသိမ်းစစ်တပ်ကပဲ ဒီတိုက်ခိုက်မှုမှာ လုံးလုံးတာဝန်ရှိတယ်ပေါ့နော ပြီးရင်တော့ ဒီလိုမဆိုင် တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာကလည်း ဒါတကယ့် စက် ဆုပ်ရွံ့ရှာဖွယ် အလုပ်ပေါ့။”
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း များအား စစ်ကောင်စီမှ ဇန္နဝါရီလ ၅ ရက်နေ့တွင် လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းမှ ဗုံးကြဲမှုထဲ ကျောင်းသား ၄ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီမှ ကလေးသူငယ်များအား တရားမဲ့စွာ သတ်ဖြတ်နေ ခြင်းကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန် အရှိဆုံး ဖြစ်သော စစ်ခေါင်းဆောင် များ အပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြောက် ပြုသူများ အားလုံးတွင် တာဝန်ရှိသည်ဟု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုလုပ်ရပ်အတွက် အမိန့်ပေးသူ အဆင့်ဆင့်၌လည်း တာဝန်ရှိသည်ဟု CDM ဗိုလ်ကြီးဖြိုးပြည့်က ပြောသည်။
“ဒါကတော့ မြေပြင် ကွန်မန်ဒါတွေပေါ့ မြေပြင်ကွန်မန်ဒါတွေနဲ့ အဲ့ဒီက တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်မမှူး တွေက အမိန့်ပေးတယ်ပေါ့။ အမိန့်ပေးပြီးမှ အဲ့မှာ လေတပ်က pilot က ဘယ်နေရာကို သွားကြဲမယ်ဆိုတာကို အမိန့် ပြန်ခွဲရတာပေါ့။”
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် လူနည်းစုများ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင် သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတို့အား ချိုးဖောက်မှုမြောက် သည်ဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် IEC ၏ ထုတ်ပြန်ချက်ထဲ၌ ရေးသားဖော်ပြထားသည်။
ထို့ကြောင့် IEC အနေဖြင့် သေဆုံးဒဏ်ရာ ရသွားသည့် စစ်ရှောင်ပြည်သူများ၊ ကလေးငယ်များ အတွက် တရား မျှတမှု ရရှိရန်နှင့် တရားခံ စစ်ကောင်စီအား အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ရန် အထောက်အကူ ပြုနိုင်သော သက်သေ အထောက်အထား အချက်အလက်များကို သေချာစွာ မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။
မှတ်တမ်းတင်ထားသည့် အထောက်အထားများကို ပြည်နယ်အဆင့်၊ တစ်နိုင်ငံလုံးအဆင့်၊ နိုင်ငံတကာအဆင့် အဆင့်တစ်ခုချင်းစီ၌ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အရပ်ဖက်၊ တော်လှန်ရေး တပ်ပေါင်းစု၊ အစိုးရ တို့အပြင် တရားမျှတမှု ဖော်ဆောင်ရာတွင် ထဲထဲဝင်ဝင် လုပ်ဆောင်နေသော အင်အားစုများနှင့် အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ခူးပလုရယ်က ဆက်ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်တွင်း တရားရုံးများတွင် သာမက နိုင်ငံတကာ တရားရုံးများ တွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများ အားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန် ရေး အင်အားစုများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထား သည်။