DPLF ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

ပင်းတယ မြို့နယ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ဓနုပြည်သူ့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ ဦးထွန်းထွန်းနိုင်က လက်နက်ကိုင် တော်လှန်ရေးသမား အဖြစ် လျှောက်လှမ်းနေသူဖြစ်၍ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ရာထူး မှ နှုတ်ထွက်သည်ဟု ကြေညာသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ရွှေပုထိုး ကျေးရွာတွင် နေထိုင်သည့် ဦးထွန်းထွန်းနိုင်သည် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ရာထူးမှ နှုတ်ထွက်လိုက်ပြီဟု ဖေဖော်ဝါ ရီလ ၅ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက် စာမျက်နှာ (Facebook)၌ ဖော်ပြထားသည်။

ဦးထွန်းထွန်းနိုင်က “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အချိန်က ယူခဲ့ရတယ်ဗျာ။ ဒီလို နှုတ်ထွက်ဖို့ ကိုယ်ရင်းနှီး တဲ့ သူတွေနဲ့ တိုင်ပင်တယ်၊ အကြံတောင်းတာတွေ ရှိတယ်။ ဒါပေမယ့် တကယ်တမ်း အခုလိုမျိုး နှုတ်ထွက်ဖို့ ကြေ ညာတဲ့ နေရာမှာတော့ တစ်ယောက်တည်း ဆုံးဖြတ်ချက် ချလိုက်တာဗျာ။ ကြာပြီ ကျနော် နှုတ်ထွက်ဖို့ကို မြေပြင် မှာ ပြောနေတာရော၊ ကြံစည်နေတာရောက” ဟု ပြောသည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ပင်းတယမြို့နယ် ကိုယ်စားပြု ရှမ်းပြည်နယ် လွှတ်တော် နေရာ ၂ နေရာတွင် အနိုင်ရခဲ့သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လက် နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကိုသာ ယုံကြည်သူဖြစ်၍ နှုတ်ထွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးထွန်းထွန်းနိုင်သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် မေလကတည်းက ပင်းတယ PDF ဖွဲ့စည်း၍ ဓနုဒေသအတွင်း စစ်ကောင်စီတပ်ကို အစောဆုံး တော်လှန်ခဲ့သူဖြစ်ပြီး ပင်းတယမြို့နယ်တွင် ပထမဆုံး နေအိမ် ချိပ်ပိတ် ခံရသူလည်း ဖြစ်သည်။

ထို့နောက် ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အကူအညီဖြင့် ဓနုပြည်သူ့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် လည်း ဥက္ကဋ္ဌတာဝန် ယူထားသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နှင့် လက်ရှိ ဆက်ဆံရေး အခြေအနေအား မေးမြန်းရာတွင်လည်း ဦးထွန်းထွန်းနိုင်က ယခုကဲသို့ ပြောသည်။

“ဆက်သွယ်တာတော့ ရှိတယ်။ တာဝန်တစ်ခု ယူပေးဖို့ ကမ်းလှမ်းတာမျိုးတော့ မရှိဘူး။ ဒီအတိုင်းပဲ အမတ် တစ်ယောက် အနေနဲ့ သံယောင်လိုက်ဖို့တော့ အမြဲတမ်း ဆက်သွယ်တယ်။ ကျနော်က ပြည်နယ်အမတ် ဆိုပေ မယ့် ပြည်ထောင်စု လွှတ်တော်မှာလည်း ကျနော်တက်ခဲ့တာတွေ ရှိတယ်။ တော်တော်များများ အစည်းအဝေး တွေမှာ ပါခဲ့တယ်ပေါ့။ တော်လှန်ရေးအပေါ်မှာ အားရတဲ့အပိုင်း ရှိသလို အားမရတဲ့ အပိုင်းလည်း ရှိတယ်ပေါ့ နော်။ အားရတာချည်း မဟုတ်သလို အားမရတာသက်သက်လည်း မဟုတ်ဘူးပေါ့။”

၎င်းသည် နိုင်ငံရေးလောကမှ အပြီးအပိုင် အနားယူခြင်းမျိုး မဟုတ်ဘဲ တော်လှန်ရေး အောင်မြင်ပြီးနောက် စစ် အာဏာရှင် ကျဆုံးသွားသည့် အချိန်တွင် စစ်ရေး၊ နိုင်ငံရေး အခြေအနေ စောင့်ကြည့်၍ ဆုံးဖြတ်ချက် ပြောင်းလဲ နိုင်သည်ဟု ဆိုသည်။

လတ်တလောတွင် ဦးထွန်းထွန်းနိုင်သည် DPLF တပ်ရင်းနှင့် အတူ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးတွင် တအာင်း (TNLA)၊ ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့် ပူးပေါင်း၍ တိုက်ပွဲ ဆင်နွှဲနေပြီး ဓနုဒေသ အတွင်း ပြောက်ကျား စစ်ဆင်ရေးများကိုလည်း အမိန့်ပေး ညွှန်ကြားနေသည်။