ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်။
သတင်းနှင့်မီဒီယာကွန်ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။
ထားဝယ်မြို့ အရှေ့ဘက်ရှိ အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အနီးမှ စစ်ကောင်စီ စခန်းကုန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဗထူးစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။
ခြေမြန်တပ်ရင်း – ၄၀၁ နှင့် ၄၀၂ အကြား မယ်ဝေးတောင် ပေါ်တွင် ရှိနေသည့် စခန်းကုန်းကို ဗထူးတပ်မတော်နှင့် ထားဝယ်စုပေါင်း စစ်ကြောင်းတို့က ဖေဖေါ်ဝါရီလ ၅ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
ဗထူးစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက “တပ်ရင်း နှစ်ခုကြားမှာဆိုတော့ ခပ်ပေါ့ပေါ့နေတဲ့ ပုံစံပါပဲ။ ရှိတဲ့ အင်အားကလည်း မှန်းထားတာထက် တော်တော်လေးနည်းနေတယ်” ဟု ပြောသည်။
သိမ်းပိုက်ခံရသည့်စခန်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်ထိ သုံးနှစ်အကြာ စစ်ကောင်စီတပ်ဖွဲ့မှ
အထိုင်ချ တပ်စွဲထားသည့် စခန်းကုန်းတစ်ခု ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲ တစ်ခုလည်းဖြစ်ပြီး စခန်းကို တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သာ ရှိနေခြင်းကြောင့် မိနစ်ပိုင်းအတွင်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဗထူးစစ်
ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှထိခိုက်
သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ ကြောင်း တာဝန်ရှိသူများက ပြောသည်။
သိမ်းပိုက်ရရှိခဲ့သည့် စခန်းမှ သေနတ် သုံးလက်၊ ကျည်ဆံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စခန်းကိုမူ သာသနာ့ နယ်မြေအတွင်း ရှိနေခြင်းကြောင့် မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ခဲ့ဘဲ ပြန်ဆုတ်ခွာခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စခန်းသိမ်းခံရပြီး မိနစ်ပိုင်းအတွင်းမှာပင် စစ်ကောင်စီတပ်က စခန်းနေရာကို ရောက်လာခဲ့သည့်အပြင် ည ၉ နာ
ရီအချိန်ခန့်တွင် စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီး ရောက်ရှိလာပြီး စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ပြီးခဲ့သည့် ဇန္နဝါရီလ နောက်ဆုံးပတ်ကလည်း ထားဝယ်မြို့နယ် ဘန်းချောင်းဒေသမှ ကျောက်ထုစခန်းကို KNLA တပ်မဟာ – ၄၊ တပ်မဟာ – ၆ မှတပ်ရင်းနှစ်ခု နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်များက ပထမဆုံးအကြိမ် တိုက်ခိုက် သိမ်းပိုက်ခဲ့သေးသည်။