ရခိုင်ပြည် မြေပုံတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုတို့ကြောင့် ရခိုင်ပြည်၊ မြေပုံမြို့နယ် အတွင်းရှိ ကျေးရွာ အချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၄ ရက်နေ့မှစတင်ကာ ယနေ့ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် မြေပုံမြို့နယ်၊ ရက်ချောင်းကျေးရွာအုပ်စုရှိ ကျေးရွာအချို့နှင့် လေတောင်ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဒေသခံများနှင့် အဆက်အသွယ်ရှိသည့် ပရဟိတသမားတစ်ဦးက “တောင်ကျရေတွေ အဆက်မပြတ်စီးဆင်း တာ၊ မိုးများတာကြောင့် ဟုတ်ပါတယ်။ လေတောင်မှာ ရေတက်လာတယ်၊ ပြင်ဆင်စရာတွေလည်း ပြင်ဆင်နေ ပါတယ်။ အရမ်းတော့ မများသေးဘူး။ မြေပုံ ရေကြီးနေတယ်။ ဇူလိုင်လရေကြီးခဲ့တဲ့အထဲမှာ ဒီမြို့မပါခဲ့ဘူး၊ အခုရေကြီးလာတာပါ” ဟု ပြောသည်။
မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့၊ နံနက်အစောပိုင်း ၃ နာရီခွဲအချိန်မှ စတင်ကာ တောင်ကျရေများ အဆက်မပြတ် စီးဝင်ခြင်းနှင့် မိုးဆက်တိုက်ရွာသွန်းခြင်းတို့ကြောင့် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြ ရပြီး နေအိမ်တစ်လုံးလည်း ရေစီးနှင့်အတူ ပြိုကျ ပျက်စီးသွားခဲ့သည်။
လက်ရှိတွင် ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရသည့် ကျေးရွာများမှာ မြေပုံမြို့နယ်၊ ရက်ချောင်းကျေးရွာအုပ်စုရှိ လမ်း မတော်စု၊ ကယုချောင်းစုနှင့် လေတောင်ကျေးရွာတို့ ဖြစ်ကြပြီး၊ အထူးသဖြင့် ကယုချောင်းစုတွင် တောင်ကျ ရေစီးသန်မြန်မှုကြောင့် လူနေအိမ်တစ်လုံး ရေထဲသို့ ပြိုကျပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းကတည်းက မြေပုံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာ ယနေ့နံနက် ၃ နာရီခွဲအချိန်တွင် ရေအမှတ်သည် အမြင့်ပိုင်းကျေးရွာများ၌ ၄ ပေခွဲအထိနှင့် အနိမ့်ပိုင်းဒေသများတွင် ၅ ပေအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လာမည့် ဩဂုတ်လ ၁၁ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းနိုင်ပြီး လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသခံ ပြည်သူများမှာ အရေးပေါ်စားဝတ်နေရေးအပြင် ဆေးဝါးအကူအညီများကိုပါ အထူးလိုအပ်နေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းကလည်း အာရက္ခဒေသအတွင်းရှိ မြို့နယ် ၈ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကုလားတန်မြစ်ရေနှင့် လေးမြို့မြစ်ရေများ မြင့်တက်လာခြင်း၊ တောင်ကျရေများ စီးဆင်းလာခြင်း တို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ဖူးသည်။
ရခိုင်ဒေသ အနှံ့အပြားတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေခြင်းကြောင့် မြေဆီလွှာများတွင် ရေဝင် ရောက်မှု အလွန်များပြားနေကာ တောင်ပြိုခြင်း၊ မြေပြိုခြင်းများနှင့် မြေနိမ့်ပိုင်းဒေသများတွင် လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်နှင့် အန္တရာယ်ရှိ နိုင်သည့် နေရာများတွင် မနေထိုင်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် ရေစီးသန်နေချိန်အတွင်း မြစ်နား၊ ချောင်းနားများတွင် ထင်းလိုက်မကောက်ကြရန်လည်း သတိပေး တား မြစ်ထားသည်။