ကချင်ပြည် မြို့နယ် ၅ ခုတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခုတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား စစ်ရေး တင်းမာလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် ရွှေကူမြို့နယ် အပါအဝင် ဗန်းမော်၊ မိုးညှင်း (အင်းတော်ကြီး)၊ ဝိုင်းမော်နှင့် ခေါင်လန်းဖူး မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး တိုက်ပွဲများလည်း ဖြစ်ပွားနေသည်ဟု ဆိုသည်။
လက်ရှိ ကချင်ပြည်အတွင်းရှိ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာကတော့ ရွှေကူဘက်မှာ ရှိပါတယ်။ နေ့တိုင်းလို ဖြစ်ပါတယ်။ နောက် ဗန်းမော်မှာလည်း ကြိုကြားကြိုကြားဖြစ်ပါတယ်။ အင်းတော်ကြီးဘက်မှာလည်း တိုက်ပွဲတွေရှိပါတယ်။ ဝိုင်းမော်မှာကတော့ သိပ်ပြီးမှ မြေပြင်တိုက်ပွဲကတော့ မရှိဘူး။ ဒါပေမဲ့ တင်းမာတဲ့ အနေအထားတော့ ဖြစ်ပါတယ်။ ခေါင်လန်ဖူး ဖက်မှာလည်း ကြိုကြားကြိုကြား တိုက်ပွဲတွေ ရှိပါတယ်။ တင်းမာတဲ့ အနေအထားဖြစ်ပါတယ်။”
အဆိုပါ မြို့နယ် ၅ ခုအနက် ရွှေကူမြို့နယ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေပြီး စစ်တပ်က အင်အား ၅၀၀ နီးပါး ခန့်ဖြင့် ငါးအိုးမှတစ်ဆင့် ရွှေကူသို့ တက်လာသည့် လမ်းကြောင်းမှတစ်ဆင့် စစ်ကြောင်း ၄ ကြောင်းခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIO/KIA က ဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက “ငါးအိုးဖက်ကနေ ရွှေကူဖက်ကို တက်သွားတဲ့ အဲဒီလမ်းတစ်ကြောမှာပါ တိုက်ပွဲတွေ ရှိတာပါ။ သူတို့ကတော့ ပြန်တက်လိုက် ကျနော်တို့နဲ့ ပြန်ဖြစ်လိုက်၊ သူတို့ပြန်ထပ်ဖြည့်လိုက် အဲလိုပါ။ ဆိုတော့ ငါးရာဝန်းကျင်လောက်တော့ ရှိမှာပါ။ သူတို့စစ်ကြောင်း သုံးကြောင်း လေးကြောင်းလောက် ရှိတယ်လို့နော်၊ ဆိုတော့ ငါးရာလောက်တော့ ရှိတယ်” ဟု ဆက် ပြောသည်။
ရွှေကူတိုက်ပွဲအတွင်း KIO/KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စစ်တပ်၏ ရှေ့တန်းလှုပ်ရှားစခန်း တစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ဗိုလ်မှူးကြီး နော်ဘူက “၃၁ ရက်နေ့မှာ သိမ်းတဲ့ဟာကတော့ သူရဲ့အခိုင်အမာစခန်းတော့ မဟုတ်ဘူး။ ရှေ့တန်း တွေ သူတို့လှုပ်ရှားနယ်မြေ ဖြစ်ပြီးမှ ထိန်းချုပ်ထားတဲ့ စခန်းဖြစ်ပါတယ်။ အင်အားတွေ ၃၀၊ ၅၀ လောက်ရှိတဲ့ သူတို့ခြေကုတ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ပြီးမှ သူတို့ဆုတ်ခွာသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တော်လှန်ရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက အတုအယောင်ဟု သတ်မှတ်ထားသော ရွေး ကောက်ပွဲမှ တစ်ဆင့် သမ္မတ ဖြစ်လာသူ စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ ၎င်းတို့ ရှုံးဆုံးထားသည့် နယ်မြေများကို ပြန်လည်ရယူရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေ သည့် ဒေသများထဲတွင် ကချင်ပြည်လည်း အပါအဝင် ဖြစ်နေသည်။
ထိုသို့ ထိုးစစ်ဆင်မှုများကြောင့် စစ်ရေးပဋိပက္ခဒေသများရှိ အရပ်သားပြည်သူလူထုမှာ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်း၊ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် သေဆုံးခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်များကို ပိုမိုဆိုးရွားစွာ ခံစားနေကြရ ကြောင်း စစ်ရေးပဋိပက္ခဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုကြသည်။
ဓာတ်ပုံ – AFP (ပုံဟောင်း)