ကချင်ပြည်နယ်တွင် အရပ်သား ရပ်ရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။
ကချင်ပြည်တွင် စစ်ကော်မရှင်က ပြည်သူများရှိရာ ရပ်ရွာများကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်နေသည့်အပြင် နှစ်ဖက်ကြား စစ်ရေးတင်းမာမှု မြင့်တက်နေသည်ဟု KIO က ပြောသည်။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာများရှိ ပြည်သူလူထုကို လေကြောင်းမှ တစ်ဆင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေမှုများအပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ထောက်ပြထားသည်။
“တိုက်ပွဲမရှိဘဲနဲ့ လေကြောင်းကနေ ဗုံးကြဲတာကတော့ ပြည်သူလူထုတွေ ရှိတဲ့နေရာမှာ ဗုံးကြဲတာလည်း ရှိတော့ရှိတယ်။ အခု သုံးရက်လောက် ဝိုင်းမော်မြို့နယ် ဆမ်ပိုင်ဆိုတဲ့ ရွာမှာလည်း ညသန်းခေါင်ယံ ၁၀ နာရီ ဝန်းကျင်လောက်မှာ ဗုံးကြဲတာ ရှိတယ်။ ဒါကပြည်သူထူပဲရှိတယ်။ တိုက်ပွဲလည်း မရှိဘူး၊ စခန်းလည်း မရှိဘူး၊ ဘာမှမရှိဘူး။ အဲ့ဒီနေရာမှာ ပြည်သူလူထုပဲ ရှိတဲ့နေရာမှာ သူတို့ ဗုံးကြဲတာ ဒါမျိုးတွေတော့ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကချင်ပြည် အတွင်းရှိ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ရေးအခြေအနေမှာ ဆက်လက် တင်းမာ နေပြီး ပြင်းထန်သော မြေပြင်တိုက်ပွဲကြီးများ မရှိသော်လည်း စစ်ကော်မရှင်တပ်က တိုက်ပွဲမရှိသည့် အရပ်သား နေထိုင်ရာ ကျေးရွာများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “တင်းမာတာကတော့ ဗန်းမော် ဘက်မှာတော့ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တာပေါ့။ ဝိုင်းမော်တို့၊ ဖားကန့်တို့၊ အင်းတော်ကြီးတို့ ပေါ့နော် တင်း မာတဲ့ အနေအထားဖြစ်ပါတယ်။ ခေါင်လံဖူးတို့မှာတော့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ မြို့နယ်တွေ ဖြစ်ပါ တယ်။ ဗန်းမော်ဘက်မှာလည်း တိုက်ပွဲရှိတယ်။ လေကြောင်းနဲ့ ပစ်တာတော့ရှိတယ်။ ဒီနေ့တောင်မှ ပစ္စည်းတွေ ချပေးတယ်လို့ ပြောတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေလည်း ထိုးစစ်ဆင်တာတော့ မရှိဘူး။ စစ်ကောင်စီဘက်က ထိုးလာလို့ရှိရင်တော့ ခုခံတိုက်ပွဲတွေတော့ ရှိပါတယ်” ဟု ပြောသည်။
မတ်လ ၅ ရက်နေ့က ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲအချို့ရှိနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ချပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဖားကန့်ဘက်တွင်မူ ရက်အနည်းငယ်ကြာ တိုက်ပွဲငယ်လေးများ ဆက်ရှိနေပြီး ဗန်းမော်ဘက်တွင်မူ စစ်ကော်မရှင် တပ်က လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်းပစ်ခတ်မှုများကို ပုံမှန်လုပ်ဆောင်နေသည်။
ထို့ပြင် ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ကော်မရှင်၏ ဗျူဟာကုန်းနှင့် တပ်မကုန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒေသခံပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
လတ်တလောတွင် ဆွမ်ပရာဘွမ်နှင့် ခေါင်လန်ဖူးဘက်တို့၌ တိုက်ပွဲများ ခေတ္တငြိမ်သက်နေသော်လည်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် အင်းတော်ကြီးဒေသတို့တွင် စစ်ရေးတင်းမာမှုများမှာ လျော့ကျသွားခြင်းမရှိဘဲ အချိန်မရွေး တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။
စစ်ကော်မရှင်က လေကြောင်းအင်အားကို အသုံးပြု၍ လူနေရပ်ရွာများကိုပါ ပစ်မှတ်ထားလာခြင်းကြောင့် ဒေသခံ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုမြင့်တက်လျက်ရှိသည်။