Mi-17 ရဟတ်ယာဉ် KIA ပစ်ခတ်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် ကချင်ပြည်၊ ဗန်းမော်မြို့နယ်တွင် စစ်ကော်မရှင် ရဟတ်ယာဉ် တစ်စီး KIA ပစ်ခတ်မှု ကြောင့် ဆီတိုင်ကီ ထိမှန်ကာ အရေးပေါ်ဆင်းသက်ခဲ့ရသည်။
ဗန်းမော်မြို့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသည့် စစ်ကော်မရှင် တပ်ရင်းမှူးကို လာရောက်ကယ်ထုတ်သည့် Mi-17 အမျိုးအစား ရဟတ်ယာဉ်တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ယနေ့ မတ်လ ၆ ရက် နေ့လယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိမှန်မှုများရှိပြီး ရွှေကူမြို့အနီးတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗန်းမော်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသွားသည့် ဗိုလ်မှူးအဆင့်ရှိ တပ်ရင်းမှူးတစ်ဦးကို လာရောက်ခေါ်ဆောင်စဉ် KIA ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်၏ ဆီတိုင်ကီနှင့် နောက်ပိုင်းတို့ ထိမှန်သွားပြီး မီးခိုးများအူကာ ရွှေကူမြို့အပြင် ဘက်သို့ အမြန်ဆုံး ဦးတည်ပျံသန်းခဲ့ရသည်။
မြေပြင်သတင်းရင်းမြစ်က “ပုဇင်းက ဗန်းမော်ကနေ ပြန်တက်တာနဲ့ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ လှမ်း ပစ်တဲ့ချိန် ထိသွားတာလို့ ပြောလို့ရတယ်။ ထိသွားတော့ ဆီတိုင်ကီပွင့်သွားတယ်လို့ ပြောတယ်ဗျ။ လေယာဉ်က ပျက်ကျသွားတာမျိုးတော့ မဟုတ်ဘူးနော်။ အခု ကျနော်တို့ ရတဲ့ အချက်အလက်အရဆိုရင် ရွှေကူဘက်မှာ အရေးပေါ် ဆင်းလိုက်ရတဲ့ ပုံစံမျိုးပါ” ဟု ပြောသည်။
ပုဇင်းဆိုသည်မှာ ရဟတ်ယာဉ်ကို ပြောခြင်း ဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်သည် ရွှေကူမြို့အခြေစိုက် ခလရ (၅၆) တပ်ရင်းအတွင်းသို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့သော် လည်း မရောက်ရှိမီ မြို့အပြင်ဘက်၌ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် Y-12 လေယာဉ် တစ်စီး က ကောင်းကင်မှ အကာအကွယ်ပေးထားသည်ဟုလည်း သတင်းဌာနအချို့တွင် ဖော်ပြကြသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ် ထိမှန်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောသည်။
“ဗန်းမော်ဘက်က တိုက်ပွဲက သိပ်ပြင်းထန်တာတော့ မရှိဘူး။ လေကြောင်းနဲ့ ပစ်တာတွေတော့ ရှိတယ်။ ရဟတ် ယာဉ်တစ်စီး ပစ်ချလိုက်တယ်ဆိုတာကတော့ အခုထက်ထိ confirm မဖြစ်ဘူး။ ပစ်ပြီးမှ ထိတော့ ထိတယ်လို့ တော့ ပြောတယ်။ ရွှေကူမှာ ခနဆင်းပြီးတော့ ပြန်သွားတယ်လို့တော့ ပြောကြတယ်။ Mi-17 လို့တော့ ပြော တယ်။ လူကြီးပိုင်းတွေကိုများ လူလဲတာတွေပေါ့နော် လူနာတွေကို ကယ်ထုတ်တာလား အဲ့လိုမျိုးတော့ သုံးသပ် ကြတယ်။”
အလားတူ မတ်လ ၅ ရက်နေ့ကလည်း ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲအချို့ရှိခဲ့သည့်အပြင် စစ်ကော်မရှင်တပ် က လေကြောင်းမှ တစ်ဆင့် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ချပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီးနော်ဘူက “ဗန်းမော်ဘက်မှာလည်း တိုက်ပွဲ ရှိတယ်။ လေကြောင်းနဲ့ ပစ်တာတော့ရှိတယ်။ ဒီနေ့ တောင်မှ ပစ္စည်းတွေ ချပေးတယ်လို့ ပြောတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေလည်း ထိုးစစ်ဆင်တာတော့ မရှိဘူး။ စစ်ကောင်စီဘက်က ထိုးလာလို့ရှိရင်တော့ ခုခံတိုက်ပွဲ တွေတော့ ရှိပါတယ်” ဟုလည်း မတ်လ ၅ ရက်နေ့တွင် သတင်းနှင့်မီဒီယာကွန်ရက်ကို ပြောဆိုထားသည်။
KIA အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များကို အကြိမ် ကြိမ် ပစ်ချနိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလကလည်း ဗန်းမော်တိုက်ပွဲသို့ စစ်ကူလာသည့် ရဟတ်ယာဉ် ၃ စီးကို တိုက်ခိုက်ခဲ့ရာ တစ်စီးပျက်ကျပြီး ကျန်တစ်စီးမှာ ရွှေကူတွင် အရေးပေါ်ဆင်းသက်ခဲ့ရသည့် သာဓကများ ရှိခဲ့သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ယနေ့အထိ တစ်နှစ်ခွဲကျော်ကြာမြင့်လာပြီ ဖြစ်သော်လည်း နှစ်ဖက်စလုံးမှ အရေးပါသည့် တပ်စခန်းများကို လက်လွှတ်ရခြင်း မရှိသေးဘဲ တိုက်ပွဲများမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကော်မရှင်တပ်ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဓါတ်ပုံ – ပုံဟောင်း