အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်သစ် အဖြစ် အယာတိုလာ ခါမေနီ၏ သားကို ခန့်အပ်၊ တိုက်ခိုက်မှုများ ပြင်းထန်ဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်။  

အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) ကွယ်လွန်ပြီး ၉ ရက်အကြာတွင် အီရန်ဘာသာရေးခေါင်းဆောင်များအဖွဲ့ (Assembly of Experts) သည် ၎င်း၏သားဖြစ်သူ မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ကို အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် တနင်္ဂနွေနေ့တွင် အတည်ပြုခန့်အပ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခေါင်းဆောင်သစ်ခန့်အပ်မှုတွင် အမေရိကန်၏ သဘောထားပါဝင်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အဆိုပါခေါင်းဆောင်မှာ ရေရှည်တည်တံ့မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သော်လည်း၊ အီရန်အစိုးရဘက်ကမူ ၎င်းမှာ မိမိတို့၏ ပြည်တွင်းရေးသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စနေနေ့ညပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ ရေနံသိုလှောင်ရုံ ၅ ခု မီးလောင်ကျွမ်းခဲ့သည်။ 

ယင်းအကျိုးဆက်ကြောင့် မြို့ပေါ်တွင် မီးခိုးအမည်းရောင်များ ဖုံးလွှမ်းလျက်ရှိပြီး လေထုညစ်ညမ်းမှု ဆိုးဝါးနေသဖြင့် ပြည်သူများအား နေအိမ်အတွင်း၌သာ နေထိုင်ရန် သတိပေးထားရသည်။ 

ထို့ပြင် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီပြတ်လပ်ခြင်း၊ လျှပ်စစ်နှင့် ရေပေးဝေရေးစနစ်များ ထိခိုက်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။

တစ်ဖက်တွင်လည်း အစ္စရေးနိုင်ငံ၊ တဲလ်အဗစ် (Tel Aviv) မြို့ပေါ်၌ ပေါက်ကွဲသံများ ကြားနေရပြီး လူအချို့ ဒဏ်ရာရရှိမှုများ ရှိနေသည်။ 

အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁,၂၀၀ ခန့် သေဆုံးပြီး ၁၀,၀၀၀ ကျော် ဒဏ်ရာရရှိထားသည်။ 

အစ္စရေး၏ ဗုံးကြဲမှုကြောင့် လက်ဘနွန်နိုင်ငံတွင် ကလေးငယ် ၈၃ ဦး အပါအဝင် လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့သည်။ 

အီရန်၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီအာရေးဗီးယားတွင် လူသေဆုံးမှုရှိခဲ့သလို၊ ကူဝိတ်လေဆိပ်ရှိ လောင်စာဆီသိုလှောင်ရုံများလည်း ထိမှန်ခဲ့သည်။

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင်မူ လုံးဝပိတ်ဆို့ထားခြင်း မရှိသေးသော်လည်း ရေယာဉ်အသွားအလာများ ကင်းမဲ့လျက်ရှိသည်။ 

အမေရိကန်နှင့် မဟာမိတ်ရေတပ်များက ရေနံတင်သင်္ဘောများကို အစောင့်အရှောက်ဖြင့် သွားလာနိုင်ရန် ကြိုးပမ်းနေသော်လည်း အီရန်ဘက်မှ ဒုံးကျည်တိုက်ခိုက်မှုများ ရှိနေသဖြင့် လုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ 

ကမ္ဘာ့ရေနံကုမ္ပဏီအများစုသည် ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်း၍ အာဖရိကတိုက်ကို ပတ်ရသည့် လမ်းကြောင်းရှည်ကို ပြောင်းလဲအသုံးပြုနေရသဖြင့် ခရီးစဉ် ၂ ပတ်ခန့် ပိုမိုကြာမြင့်ကာ သယ်ယူပို့ဆောင်ခများ အဆမတန် မြင့်တက်လျက်ရှိသည်။