မူးယစ် မောင်းနှင်မှုဖြင့် အဆိုတော် ဘရစ်တ်နီ စပီးယား ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။ 

ကမ္ဘာကျော်အဆိုတော် ဘရစ်တ်နီ စပီးယားသည် အရက်နှင့် မူးယစ်ဆေးဝါး ရောနှောသုံးစွဲထားပြီး မတ်လ ၄ ရက် ညပိုင်းတွင် မူးယစ်ရီဝေစွာ ကားမောင်းနှင်ခဲ့သည်ဟူသော သံသယဖြင့် ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမကြီး ရဲတပ်ဖွဲ့ (CHP) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားပါသည်။ 

ဘရစ်တ်နီ စပီးယား မောင်းနှင်လာသည့် BMW 430i အမျိုးအစား မော်တော်ယာဉ်သည် လမ်းပေါ်၌ အရှိန်ပြင်းစွာဖြင့် ပုံမှန်မဟုတ်ဘဲ မောင်းနှင်နေကြောင်း တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ခြင်း ဖြစ်သည်။ 

၎င်းကို ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ပြီး မေလ ၄ ရက်နေ့၌ တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ထားပါသည်။

ဘရစ်တ်နီ စပီးယားသည် ၁၉၉၀ ပြည့်လွန်နှစ်များ အကုန်တွင် တစ်ကမ္ဘာလုံးကို လွှမ်းမိုးခဲ့သော အဆိုတော်တစ်ဦး ဖြစ်သည်။ 

အသက် ၁၆ နှစ်အရွယ်တွင် ထွက်ရှိခဲ့သည့် “…Baby One More Time” သီချင်းသည် ကမ္ဘာတစ်ဝှမ်းတွင် အရောင်းရဆုံး ဖြစ်ခဲ့ပြီး ၎င်းကို နေ့ချင်းညချင်း ကြယ်ပွင့်တစ်ဦး ဖြစ်လာစေခဲ့သည်။ 

ထို့နောက် “Oops!… I Did It Again”, “Toxic”, “Gimme More” စသည့် သီချင်းများဖြင့် အယ်လ်ဘမ်ပေါင်း သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပြီး ပေါ့ပ်ဂီတလောက၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

၂၀၀၇ ခုနှစ်ဝန်းကျင်တွင်မူ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ဖိအားများနှင့် ကြုံတွေ့ခဲ့ရသည်။ 

မီဒီယာများ၏ အလွန်အကျွံ စောင့်ကြည့်ခံရခြင်းနှင့် အိမ်ထောင်ရေးပြိုကွဲခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားခဲ့ရပြီး ခေါင်းတုံးတုံးခြင်းနှင့် ပါပါရာဇီများကို ထီးဖြင့်ရိုက်ခြင်းများ ဖြစ်ပွားခဲ့သည်။ 

၂၀၀၈ ခုနှစ်တွင် တရားရုံးက ၎င်း၏ဖခင်အား ဘရစ်တ်နီ၏ ဘဝနှင့် ငွေကြေးအားလုံးကို စီမံခန့်ခွဲခွင့် ပေးခဲ့သည်။ ၎င်းမှာ ယာယီဟု ထင်မြင်ခဲ့ကြသော်လည်း ၁၃ နှစ်တိုင် ကြာမြင့်ခဲ့သည်။ 

၎င်းအား ဖခင်ဖြစ်သူက အကျဉ်းသားတစ်ဦးကဲ့သို့ ချုပ်ကိုင်ထားပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းနေသည်ကို ပရိသတ်များ သိရှိလာကြသောအခါ “ဘရစ်တ်နီကို လွတ်လပ်ခွင့်ပေးပါ” (Free Britney) ဟူသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့သည်။ 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင်မူ တရားရုံးက အဆိုပါချုပ်ကိုင်မှုကို တရားဝင် ရုပ်သိမ်းပေးခဲ့ပါသည်။