ပင်လယ်ကွေ့နိုင်ငံများ ရေနံ လမ်းကြောင်းသစ် ရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။ 

အီရန်၏ တိုက်ခိုက်မှုအန္တရာယ်ကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်လုနီးပါး ဖြစ်ပေါ်နေသဖြင့် ဆော်ဒီအာရေဗျနှင့် ယူအေအီး (UAE) နိုင်ငံများသည် အခြားလမ်းကြောင်းသစ်များကို ရှာဖွေလျက်ရှိကြသည်။ 

ဆော်ဒီအစိုးရပိုင် အာရမ်ကို (Aramco) ကုမ္ပဏီသည် ၎င်းတို့၏ ရေနံစိမ်းများကို ပင်လယ်နီ (Red Sea) လမ်းကြောင်းမှတစ်ဆင့် ပြောင်းလဲတင်ပို့ရန် ကြိုးပမ်းနေကြောင်း ရိုက်တာသတင်းဌာန၌ ဖော်ပြထားသည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် သောကြာနေ့မှစ၍ ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်နှင့် အီရတ်နိုင်ငံတို့သည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့နိုင်ခြင်း မရှိတော့ပေ။ 

အီရန်နိုင်ငံကလည်း ဤလမ်းကြောင်းကို ဖြတ်သန်းသည့် မည်သည့်သင်္ဘောကိုမဆို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားသည်။ 

ထို့ကြောင့် ဆော်ဒီအာရမ်ကိုကုမ္ပဏီသည် ရေနံထုတ်လုပ်မှု မရပ်နားလိုသဖြင့် အရှေ့-အနောက် ပိုက်လိုင်း (East-West Pipeline) ကို အသုံးပြုကာ ပင်လယ်နီဘက်ရှိ ယန်ဘူ (Yanbu) ဆိပ်ကမ်းမှတစ်ဆင့် ရေနံတင်ပို့ရန် ဝယ်ယူသူများအား အကြောင်းကြားထားသည်။

အဆိုပါပိုက်လိုင်းသည် တစ်ရက်လျှင် ရေနံစည် ၅ သန်းမှ ၇ သန်းအထိ သယ်ဆောင်နိုင်စွမ်း ရှိသည်။

သို့သော်လည်း လမ်းကြောင်းပြောင်းလဲရန်အတွက် စိန်ခေါ်မှုများ ရှိနေပါသေးသည်။ 

ယန်ဘူဆိပ်ကမ်း၌ ပိုက်လိုင်းမှ ပို့လွှတ်လိုက်သော ရေနံပမာဏအားလုံးကို သင်္ဘောပေါ်သို့ တင်ဆောင်ပေးနိုင်သည့် စွမ်းဆောင်ရည် ရှိ၊ မရှိအပေါ် ကုန်သည်များက သံသယရှိနေကြသည်။ 

ထို့ပြင် ရေနံပိုက်လိုင်းမှာ အီရန်နှင့် ၎င်း၏မဟာမိတ်များ၏ ပစ်မှတ်ဖြစ်လာနိုင်သကဲ့သို့ ပင်လယ်နီလမ်းကြောင်းတွင်လည်း ယီမင်နိုင်ငံရှိ အီရန်မဟာမိတ်များ၏ တိုက်ခိုက်မှုအန္တရာယ် ရှိနေပါသည်။ 

ယန်ဘူဆိပ်ကမ်းမှ ရေနံတင်ဆောင်ခများမှာလည်း နှစ်ဆကျော် မြင့်တက်သွားခဲ့သည်။ 

ဆော်ဒီအာရေဗျနိုင်ငံကဲ့သို့ပင် ယူအေအီးနိုင်ငံ၌လည်း ဟော်မုဇ်ရေလက်ကြားကို ရှောင်ကွင်း၍ ဖူဂျာအီရာ (Fujairah) ဆိပ်ကမ်းသို့ ပို့ဆောင်နိုင်သည့် ပိုက်လိုင်းရှိသော်လည်း အဆိုပါဆိပ်ကမ်းမှာ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် ရေနံတင်ဆောင်မှုများ နှောင့်နှေးကြန့်ကြာလျက် ရှိပါသည်။