အမေရိကန်နှင့် ဗင်နီဇွဲလား သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်၊ အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် များ ရဖွယ်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်။
ကာလရှည်ကြာ ရန်ဘက်ဖြစ်ခဲ့ကြသော အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက အမေရိကန်၏ စစ်ရေးစစ်ဆင်ရေးတစ်ခုကြောင့် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ထို့နောက်ပိုင်းတွင် ထရန့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ဗင်နီဇွဲလားနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြပြီးနောက် ယခုကဲ့သို့ သံတမန်လမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
အမေရိကန် ပြည်ထဲရေးဝန်ကြီး ဒေါ့ခ်ဘာဂမ် (Doug Burgum) ၏ နှစ်ရက်ကြာ ဗင်နီဇွဲလားခရီးစဉ် အတွင်း သတ္တုတွင်းကဏ္ဍကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဗင်နီဇွဲလားနိုင်ငံမှ ရွှေအပြင် မြေရှားသတ္တုများဖြစ်သော လစ်သီယမ် (Lithium) နှင့် ကိုဘော့ (Cobalt) တို့ ထွက်ရှိသဖြင့် ၎င်းတို့ကို အမေရိကန်က တူးဖော်လုပ်ကိုင်ခွင့် ရရှိရန် အလားအလာရှိနေပါသည်။
၎င်းပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း စွမ်းအင်ဝန်ကြီး ခရစ်ရိုက် (Chris Wright) လာရောက်ခဲ့ပြီး ရေနံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဝင်ရောက်လာရေးအတွက် ဆွေးနွေးခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာပေါ်တွင် အရန်ရေနံအများဆုံး ရှိသည့်နိုင်ငံဖြစ်ရာ အဆိုပါရေနံများကို အမေရိကန်ကုမ္ပဏီကြီးများက လုပ်ကိုင်ခွင့်ရရှိလာနိုင်ပါသည်။
မာဒူရိုလက်ထက်က ဒုတိယသမ္မတဖြစ်ခဲ့ပြီး လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ယူထားသော ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) က ဤခြေလှမ်းသည် နှစ်နိုင်ငံနားလည်မှုနှင့် အကျိုးစီးပွားကို ခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။