စစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ ဒီကနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်း
အောင်မိုး- နိရဉ္စရာ(ဆောင်းပါး)၊ ဒီဇင်ဘာ ၂၀/၂၀၂၅
ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ထွက်ပေါက်လား၊ ဒါမှမဟုတ်တိုင်းပြည်အတွက် ထောင်ချောက်လား။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကတော့ ပြင်းထန်နေဆဲပါ။
သေချာတာတစ်ခုကတော့ဒီစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတစ်လျှောက်မှာ လူတွေမနှစ်မြို့ဆုံး၊ အပြစ်ပြောဝေဖန်ခံရဆုံး၊ တစ်ဖတ်သတ်အကျဆုံးနဲ့ မသမာဆုံးရွေးကောက်ပွဲတစ်ခုဖြစ်နေတယ်ဆိုတာကတော့ လက်ရှိရွေးကောက်ပွဲ အခင်းအကျင်းက ပြသနေပါပြီ။
ရွေးကောက်ပွဲဝင်လိုတဲ့အစုအဖွဲ့ရဲ့အမြင်
ဒီကနေ့စစ်အုပ်စုက ကျင်းပတော့မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကြားမှာသာမက လူထုကြားမှာ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အစုအဖွဲ့တွေကတော့ဒီရွေးကောက်ပွဲကထွက်ပေါက်လို့ မြင်နေကြပါတယ်။ ရွေးကောက်ပွဲက တစ်ဆင့်မြန်မာနိုင်ငံရေး အပြောင်းအလဲကိုလုပ်လာနိုင်မယ်။ ရွေးကောက်ပွဲကနေ အရွှေ့တစ်ခုဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ခုလိုစစ်တပ်က တစ်ဖက်သတ် အုပ်ချုပ်နေတာထက် ရွေးကောက်ပွဲလုပ်ရင် လွှတ်တော်အခင်းအကျင်းပေါ်လာမယ်။ အစိုးရတစ်ရပ် ပေါ်လာမယ်။လွှတ်တော်မှာ ဥပဒေတွေပြုလာနိုင်မယ်။ ပြောရေးဆိုခွင့်တွေရရှိလာမယ်။ ဒီကတဆင့် တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကို ပြုလုပ်လာနိုင်လိမ့်မယ်ဆိုတဲ့ ယူဆချက်မျိုး ဖြစ်ပါတယ်။
ဒါ့ပြင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ အစုအဖွဲ့တွေက ဒီရွေးကောက်ပွဲကို လက်မခံရင် မြန်မာနိုင်ငံရေး အပြောင်းအလဲ အတွက်တစ်ခြား ရွေးချယ်စရာလမ်းကြောင်းရှိသလား၊ ရှိရင်ချပြဖို့ စောဒကတက်တောင်းဆိုနေတာမျိုးတွေလည်း ကြားနေရပါတယ်။
ရွေးကောက်ပွဲရဲ့အရွှေ့ကဘယ်ကိုလဲ
အမှန်တကယ်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးပြသနာအကျပ်အတည်းကို ဖြေရှင်းဖို့ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေရှိနေတာပါ။ ပြသနာတိုင်းမှာ ဖြေရှင်းလို့ရနိုင်တဲ့ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ ဒီရွေးကောက်ပွဲ လမ်းကြောင်းထက် အားလုံး ပါဝင်လက်ခံနိုင်တဲ့ နည်းလမ်းကောင်းတွေနဲ့ ဖြေရှင်းကျော်လွှားလို့ရတဲ့ နည်းလမ်းတွေရှိနေပါတယ်။ ဒါပေမဲ့ စစ်အုပ်စုကတော့ ဒီလိုရိုးရှင်းလွယ်ကူတဲ့ လမ်းကြောင်းကို ဦးတည်တာမျိုးမတွေ့ရပါဘူး။ ပိုမိုပြီးနက်နဲ ရှုပ်ထွေးပြီး သွေးထွက်သံယိုမှုများတဲ့ လမ်းကြောင်းကို ရွေးချယ်သွားနေတာကို တွေ့နေရပါတယ်။ ဒါကလည်း သူတို့သက်စိုးရှည်ရေး၊ စစ်တပ်က မြန်မာနိုင်ငံရေးကို ရာသက်ပန်စိုးမိုးချယ်လည်နိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကိုလည်း အင်အားသုံးပြီး တဖက်သတ်ကျင်းပဖို့ ရည်ရွယ်ကတည်းက အနာဂတ်မြန်မာ့နိုင်ငံရဲ့ အခြေအနေဟာ အကောင်းဘက်ကို ရှေ့ရှုတာထက် အဆိုးဘက်ကို ပိုပြီး ဦးတည်နေတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီရွေးကောက်ပွဲကနေ တိုင်းပြည်အတွက် ဘယ်လို ရလဒ်ကောင်းကျိူးမှ ထွက်မလာနိုင်သလို ပိုပြီးနက်နဲ ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုဆီသို့သာ ရောက်ရှိသွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီရွေးကောက်ပွဲဟာ အများပြည်သူရဲ့ဆန္ဒနဲ့ အညီပြုလုပ်တာမဟုတ်ဘဲ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေလို့ဘဲ ဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ ဆန္ဒကအရေးကြီးတာကြောင့် ဓားမိုးပြီးတစ်ဖက်သတ် လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ အနာဂတ်လမ်းကြောင်း မဖြောင့်ဖြူးနိုင်ပါဘူး။
လက်ရှိမြန်မာအခြေအနေ
အမှန်တကယ်မြန်မာနိုင်ငံရဲ့လက်ရှိရင်ဆိုင်နေရတဲ့ပြသနာဟာအလွန်ကြီးမားပြီးအတိမ်းအစောင်းမခံနိုင်တဲ့အနေအထားမျိုးပါ။နိုင်ငံတကာနိုင်ငံရေးလေ့လာအကဲခတ်တွေကလည်းမြန်မာပြည်ဟာကျဆုံးနိုင်ငံ Fail State အနေအထားကိုရောက်ရှိနေပြီ။ အချိန်မီမတားဆီးနိုင်ရင် တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တယ်လို့ခန့်မှန်းတွက်ချချက်တွေလည်းထွက်ပေါ်နေပါတယ်။မြန်မာဟာအလွန်နက်ရှိုင်းတဲ့ချောက်ကမ်းဘားကြီးကိုကျလုလုအနေအထားဖြစ်နေတာပါ။ဒါကိုလွတ်မြောက်အောင်လုပ်မယ်ဆိုရင်ကောင်းမွန်တဲ့နိုင်ငံရေးစေတနာ အရင်းခဲနဲ့ ကြုံတွေ့နေရတဲ့ပြသနာကိုဖြေရှင်းဖို့ကြိုးစားဆောင်ရွက်သင့်ပါတယ်။ဒီလိုမဖြေရှင်းဘဲလက်နက်အားကိုးနဲ့စစ်အုပ်စုကအာဏာရရှိရေးကိုဆက်လက်ကြိုးပမ်းမယ်ဆိုရင်တော့တိုင်းပြည်ဟာဒီနေ့ကြုံတွေနေရတဲ့အခြေအနေတွေထက်အဆတစ်ရာပိုပြီးနစ်နာဆုံးရှုံးဖို့ဘဲရှိနေပါတယ်။
ဘာကြောင့်ရွေးကောက်ပွဲကိုဆန့်ကျင်နေကြသလဲ
ဒီကနေ့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည်တွင်းပြည်ပမြန်မာလူ့အဖွဲ့အစည်းတွေနဲ့နိုင်ငံတကာဆန့်ကျင်နေကြတာကလည်းစစ်အုပ်စုလုပ်တဲ့ ရွေးကောက်ပွဲမို့လို့တမင်ဖျက်လိုဖျက်ဆီး လုပ်နေကြတာ၊ ဆန့်ကျင်နေကြတာမဟုတ်ပါဘူး။ဒီရွေးကောက်ပွဲကတိုင်းပြည်အတွက်ဘာမှကောင်းမွန်တဲ့အဖြေထွက်လာနိုင်မှာမဟုတ်သလိုပိုပြီးဆိုးရွားတဲ့အခြေအနေကိုရောက်ရှိသွားနိုင်တဲ့အတွက်ကန့်ကွက်ဆန့်ကျင်နေကြတာဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာမြန်မာပြည်သူတွေ လိုလားနေတဲ့ဒီမိုကရေစီကိုမပြောနဲ့တိုင်းရင်းသားတွေလိုလားတောင့်တနေတဲ့ဖက်ဒရယ် ဒီမိုကရေစီလည်းဖြစ်လာနိုင်စရာမရှိပါ။အဓိကအာဏာသိမ်းထားတဲ့စစ်တပ်ထွက်ပေါက်ရဖို့ပြုလုပ်တဲ့ရွေးကောက်ပွဲသာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့စစ်အုပ်စုကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲဟာတိူင်းပြည်အတွက်ထွက်ပေါက်မဟုတ်သလိုထောင်ချောက်ဆိုတာမျိုးပြောဆိုနေကြတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကစစ်အုပ်စုအတွက်ထွက်ပေါက်လား
အခုပြုလုပ်မယ့်ရွေးကောက်ပွဲကနိုင်ငံရေး ထွက်ပေါက်ဆိုရင်တောင်မှအကျဉ်းအကျပ်ထဲကိုရောက်နေတဲ့စစ်အုပ်စုအတွက်သာထွက်ပေါက်သာဖြစ်ပြီးပြည်သူလူထုအတွက်ထောင်ချောက် ဖြစ်နိုင်ပါတယ်။ဒီကနေ့ကျင်းပမယ့်စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာဘာဒီမိုကရေစီလမ်းကြောင်းကိုမှဦးတည်တာမဟုတ်ဘဲစစ်တပ်အုပ်ချုပ်ရေးသက်စိုးရှည်ဖို့အတွက်ဖန်တီးထားတဲ့အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပါတယ်။ဒီမိုကရေစီလမ်းကြောင်းကိုဦးတည်တဲ့ရွေးကောက်ပွဲဆိုရင်နိုင်ငံရေးပါတီတိုင်းကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရမှာဖြစ်သလိုလွတ်လပ်မျှတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်အာမခံချက်တွေလည်းရှိဖို့လိုအပ်ပါတယ်။အဓိကအားဖြင့်နိုင်ငံရဲ့အင်အား အကြီးမားဆုံးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါဝင်ခွင့်မပြုသလိုခေါင်းဆောင်တွေကိုလည်းထောင်ထဲထည့်ထားတာကလည်းတရာမျှတမှုမရှိဘူးလို့မြင်နေကြတာဖြစ်ပါတယ်။စစ်အုပ်စုကတော့နောက်ဆုံးအချိန်ထိမိုက်မဲသွားမယ်ဆိုတဲ့အနေအထားမျိုးကိုပြသနေပါတယ်။တိုင်းပြည်ဘာဘဲဖြစ်ဖြစ်သူတို့အာဏာလက်မလွတ်ရရေးကိုဘဲအဓိကရှေ့ရှုဆောင်ရွက် နေတယ်ဆိုတာဒီနေ့သူတို့ဦးတည်နေတဲ့ရွေးကောက်ပွဲကိုကြည့်ပြီးသိရှိနိုင်ပါတယ်။ဒီရွေးကောက်ပွဲဟာစစ်အုပ်စုအတွက်ထွက်ပေါက်ဆိုရင်တောင်မှကောင်းတဲ့ထွက်ပေါက်မဖြစ်နိုင်ဘဲ မိမိလည်ပင်းကိုမိမိ ကြိုးကွင်းစွပ်ခံရတဲ့ထွက်ပေါက်မျိုးသာဖြစ်သွားနိုင်ခြေရှိနေပါတယ်။
လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို ဘေးဖယ်ထား
စစ်အုပ်စုကတိုင်းပြည်ကောင်းကျိုး၊ပြည်သူပြည်သားတွေရဲ့အကျိုးနဲ့ဒီမိုကရေစီလမ်းကြောင်းကိုဦးတည်တယ်ဆိုရင်ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်တဲ့လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုရှေ့ရှုလုပ်ဆောင်ဖို့လိုပါတယ်။ပါတီတိုင်းကိုလွတ်လပ်စွာဖွဲ့စည်းပိုင်ခွင့်၊ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်တွေပြုပေးရမှာဖြစ်ပါတယ်။အခုကနိုင်ငံတွင်းကပြည်သူတွေတခဲနက်ထောက်ခံထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါဝင်ခွင့်မပြုသလိုပါတီရဲ့အဓိကခေါင်းဆောင်တွေကိုလည်းနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားပါတယ်။တိုင်းရင်သားပြည်နယ်တွေကိုကိုယ်စားပြုပြီးလူထုထောက်ခံမှုအားကောင်းတဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) လို ရခိုင်အမျိုးသားပါတီ (ANP) တို့လို တိုင်းရင်းသားပါတီတွေကိုရွေးကောက်ပွဲဝင်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ သူတို့နဲ့ ပုလင်းတူဗူးဆို့ ပါတီတွေ၊ သူတို့ရဲ့Proxy ပါတီတွေကိုသာ ရွေးကောက်ပွဲဝင်ဖို့ခွင့်ပြုထားတာကလည်းဘယ်လိုမှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုတာကိုသက်သေပြနေပါတယ်။ဘယ်လောက်ဘဲရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတယ်လို့ပြောပြောနိုင်ငံတွင်းကလူထုထောက်ခံမှုအားကောင်းတဲ့ပါတီတွေကိုချန်လှပ်ထားတယ်ဆိုကတည်းက ဒါဟာလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တော့ပါ။
မဲမသာမှုကိုအကြောင်းပြပြီးအာဏာသိမ်းတဲ့နောက်ကွယ် ဘာတွေရှိနိုင်လဲ
စစ်အုပ်စုက၂၀၂၀ရွေးကောက်ပွဲဟာမဲမသမာမှုရှိလို့အာဏာသိမ်းရပါတယ်ဆိုရင်သူ့ပြုလုပ်မယ့်ရွေးကောက်ပွဲကိုမဲမသာမှုမဖြစ်ရအောင်ဆောင်ရွက်ဖို့ဘဲတာဝန်ရှိပါတယ်။ဘယ်ပါတီမဆိုဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုပေးရမှာဖြစ်ပါတယ်။ ဘယ်ပါတီမဆိုချန်လှပ်ထားတာမျိုးမဖြစ်သင့်ပါဘူး။ရွေးကောက်ပွဲကိုNLD ကပြန်မှတ်ပုံမတင်တဲ့အတွက်ရွေးကောက်ပွဲဝင်ရောက်ခွင့်မရတာလို့ပြောကောင်းပြောနိုင်ပါတယ်။ခေါင်းဆောင်တွေကိုထောင်ချထားပြီးမှတော့NLD မှတ်ပုံတင်ခိုင်းရင်တော့ဘယ်သူကပြန်မှတ်ပုံတင်ပါမလဲ။ဒါကရိုးရှင်းနေတဲ့ကိစ္စဘဲဖြစ်ပါတယ်။ NLD ရွေးကောက်ပွဲကို ဝင်စေချင်ရင်အစကတည်းက ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကိုလွှတ်ပေးဖို့လိုပါတယ်။ ဒါကိုလွှတ်မပေးတဲ့အပြင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားလိုက်တော့ ဒါကဘာကို ပြသလဲဆိုရင် NLD ကိုရွေးကောက်ပွဲ မဝင်နိုင်အောင် ပြုလုပ်သလိုတစ်ခြား တစ်ဖက်မှာလည်းနိုင်ငံရေးလောကထဲကအပြီးသတ်ချေမှုန်းလိုက်တဲ့သဘောဘဲဖြစ်ပါတယ်။
ရွေးကောက်ပွဲအပေါ်နိုင်ငံကာအမြင်
ဒီလိုလုပ်ဆောင်ထားတဲ့အတွက်စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှတရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အားလုံးက နားလည်လက်ခံထားကြတာဖြစ်ပါတယ်။ ဒီလိုအမြင်တွေကို သမာသမတ်ကျတဲ့ မြန်မာနိုင်ငံရေးသမားတွေသာမက ကုလသမအပါအဝင်နိုင်ငံတကာကလည်းခုလိုအမြင်မျိုးမြင်နေကြပါတယ်။စစ်ပွဲကိုမရပ်တဲ့အပြင်ပြည်သူလူထုတွေကိုနေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတာ၊နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကိုဖမ်းဆီးချုပ်နှောင်ထားတာ၊လူထုထောက်ခံမှုရရှိထားတဲ့နိုင်ငံရေးပါတီတွေကိုရွေးကောက်ပွဲဝင်ခွင့်မပြုတာစတဲ့အကြောင်းခြင်းရာတွေကြောင့် ဒီကနေ့စစ်အုပ်စုက ကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကို ကမ္ဘာကုလသမဂ္ဂအါအဝင် နိုင်ငံတကာက လက်ခံအသိအမှတ်ပြုဖို့တွန့်ဆုတ်နေတာဖြစ်ပါတယ်။ တချို့နိုင်ငံအစိုးရတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေဆိုရင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက် နေတာတွေလည်းရှိနေပါတယ်။
ရွေးကောက်ပွဲအပေါ်တိုင်းရင်းသားတွေအမြင်
ဒီစစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်ကလည်း အသိအမှတ်ပြု ထောက်ခံမှု လုံး၀ရှိမနေတာကိုတွေ့ရပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေ အသီးသီးကကြေညာချက်တွေထုတ်ပြီး ကန့်ကွက် ထားတာတွေကိုလည်းတွေ့နေရပါတယ်။ တိုင်းရင်းသားပါတီတချို့ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပေမယ့် လူထုထောက်ခံမှုက လုံး၀မရရှိသလို ကန့်ကွက်မှုတွေနဲ့ရင်ဆိုင် နေကြတာကိုတွေ့နေရတယ်။ ဒီလောက် တိုင်းရင်းသားပြည်နယ်တွေမှာ နေ့စဉ်ဗုံးကြဲသတ်ဖြတ်နေတဲ့ အချိန်ကာလမျိုးမှာ မိမိလူထုကိုမျက်ကွယ်ပြုပြီး စစ်အုပ်စုကကျင်းပမဲ့ ရွေးကောက်ပွဲဝင်ရဲတဲ့ တိုင်းရင်းသားနိုင်ငံရေးသမားတွေအပေါ်မှာလည်း ပြည်သူလူထုက ခါးခါးသီးသီးမေးခွန်းတွေ ထုတ်နေကြတာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲနဲ့ရခိုင်နိုင်ငံရေးအခင်းအကျင်း
အဆိုဆုံးကတော့ရွေးကောက်ပွဲဝင်မဲ့ ရခိုင်ဘက်ကနိုင်ငံရေးပါတီတွေ အပေါ်လူထုယုံကြည်မှု လုံး၀ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်က ရခိုင်လူထုကလေးစားကြည်ညိုတဲ့ ရခိုင်ခေါင်းဆောင်တွေဆိုရင်လည်း ဒီတစ်ကြိမ်မှာထောက်ခံမှုလုံး၀မရတဲ့အပြင် ပြည်သူတွေရဲ့ တံတွေးခွက်ထဲမျောနေကြတာကိုတွေ့ရပါတယ်။ တစ်ချိန်က လူထုထောက်ခံမှုကို အပြည့်အ၀ရရှိခဲ့တဲ့ ခေါင်းဆောင်တချို့ဆိုရင် အမျိုးသားသစ္စာဖောက်ထိ ကင်းပွန်းတပ်ခံရပြီး ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ အပြင်းအထန်ရင်ဆိုင်နေရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုဝင်မယ့် ရခိုင်နိုင်ငံရေးသမားတွေဟာဒီတစ်ကြိမ်မှာ အောင်ပွဲမရတဲ့အပြင် နိုင်ငံရေးသေသွားတဲ့ အနေအထားမျိုးထိ ကြုံတွေ့နေရပါတယ်။ သူတို့ရဲ့ရွေးကောက်ပွဲဝင်မဲ့ရွေးချယ်မှုဟာလူထုနဲ့ ဆန္ဒနဲ့ကင်းကွာသွားတဲ့ အတွက်လူထုရဲ့ ဒဏ်ခတ်မှုကိုခံနေကြရတာဖြစ်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင် ဒီစစ်အုပ်စုရွေးကောက်ပွဲမှာ ပါဝင်ကြတဲ့နိုင်ငံရေးပါတီရော၊ ရခိုင်နိုင်ငံရေးသမားတွေအတွက်ပါ နောက်ဆုံးနိုင်ငံရေးသချိုင်းဘဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်မဲ့ပါတီရော နိုင်ငံရေးသမားတွေ အတွက်ရောရွေးကောက်ပွဲကျိန်စာသင့်သွားခဲ့ရတဲ့ အဖြစ်မျိုး မြင်တွေ့နေရပြီဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပေါ်ရခိုင်နိုင်ငံရေးသမားတွေအမြင်
ဒီရွေးကောက်ပွဲမှာပြည်သူဘက်ကမားမားမတ်မတ်ရပ်တည်တဲ့ရခိုင်နိုင်ငံရေးသမားတွေကတော့ရွေးကောက်ပွဲကိုအသိအမှတ်မပြုကြသလိုရွေးကောက်ပွဲအပေါ်မှာလည်းယုံကြည်မှုမရှိကြပါဘူး။
၁၉၉၀ခုနှစ်ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်မှာအနိုင်ရရှိထားတဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးမျိုးကျော်ကလည်းရွေးကောက်ပွဲဝင်ကြမယ့်ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူ့ကိုယ်စားဆိုတာထက်သူတို့အကျိုးအတွက်သာဖြစ်တယ်လို့ပြောဆိုပါတယ်။
“ရခိုင်မှာမဲဝင်ပြိုင်ကြမယ့်ပါတီထောင်ကြတဲ့ပုဂ္ဂိုလ်တွေ၊ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်ကတစ်မဲပဲရရ၊ရတဲ့မဲနဲ့နိုင်တယ်ဆိုတဲ့ဟာမျိုးကိုလက်ခံနိုင်တယ်ဆိုတဲ့အခါမှာပြည်သူတရပ်လုံးရဲ့ဆန္ဒမပါလည်းကိစ္စမရှိ၊ကိုယ်အနိုင်ရပြီးကိုယ်စားလှယ်ဖြစ်ပြီးရောဆိုပြီးသွားနေတယ်။နိုင်ငံရေးအောက်ဈေးနဲ့လိုက်နေကြတယ်လို့မြင်တယ်။ပြည်သူ့ကိုယ်စားဆိုတာထက်ကိုကိုယ်၌ကိုကအင်မတန်အမတ်မွတ်နေကြသလားဆိုတဲ့ဟာမျိုးကိုမေးခွန်းမေးရမလိုဖြစ်နေတယ်”လို့ဆိုပါတယ်။
ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး တစ်ချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
” အခုစစ်ကော်မရှင်လုပ်မဲ့ ရွေးကောက်ပွဲဟာ free and fair မဖြစ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ USDP ရဲ့ပြိုင်ဖက်လက်ရေတူ NLD လိုပါတီမျိုးကို ဖျက်သိမ်းထားတယ်။ တခြားအင်အားရှိတဲ့ ပါတီတချို့ကိုလည်း ဖျက်သိမ်းထားတယ်။ ပြီးတော့ ပြည်သူတွေကလည်းဒီနေ့ရွေးကောက်ပွဲကို ဘယ်သူကမှ စိတ်မဝင်စားဘူး။ တစ်နိုင်ငံလုံးမှာလည်း မငြိမ်မသက်မှုတွေရှိနေတယ်။ မဲဆန္ဒနယ်မြေ အများအပြားလည်း ဖျက်သိမ်းထားရတယ်။ ပြီးတော့ ရွေးကောက်ပွဲတချို့ နေရာတွေမှာပေါ့နော်။ ကြံ့ခိုင်ရေးအမတ်တွေက မပြိုင်ဘဲနဲ့နိုင်ထားတယ်။ ပြည်သူတွေကစိတ်မဝင်စားလေလေ ကြံ့ခိုင်ရေးပါတီဝင်တွေက အနိုင်ရလေလေပေါ့။ အဲလိုအခြေအနေကို ထောက်ရင်၂၀၀၈ဖွဲ့စည်းပုံ လုပ်ပိုင်ခွင့်နဲ့ပေါင်းလိုက်ရင်တော့ ဒါက စစ်တပ်ကပြန်ပြီးတော့အာဏာရမယ်ဆိုတာ အထူးပြောစရာမလိုဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ လုံးဝမဖြစ်ဘူးလို့ ပြောချင်တယ်” လို့ဆိုပါတယ်။
ရွေးကောက်ပွဲထက်လက်ငင်းအကောင်အထည်ဖော် လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်
ဒါကြောင့်ဒီကနေ့စစ်အုပ်စုကျင်းပမယ့်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရှိလူအများစုကလက်မခံကြသလိုတိုင်းရင်းသားတွေကလည်းမထောက်ခံကြပါဘူး။နိုင်ငံတကာဆိုရင်လည်းစစ်အုပ်စုကို ကျောထောက်နိုင်ငံအနည်းငယ်မှ အများစုနိုင်ငံတွေက လက်မခံကြပါဘူး။ ကမ္ဘာကုလသမဂ္ဂ အပါအဝင် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအများအပြားကလည်း အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ် သပိတ်မှောက်ထားကြပါတယ်။
ဒီလိုအများပြည်သူက လက်မခံတဲ့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ဘဲ ကျင်းပပြုလုပ်ပါစေ။ ဘယ်လိုနည်းနဲ့မှ ရလဒ်ကောင်းတွေ ထွက်လာမှာမဟုတ်သလို တိုင်းပြည်ရဲ့ ကောင်းကျိုးကိုလည်း ဘယ်လိုနည်းနဲ့မှ ဆောင်ကျဉ်းနိုင်မှာ မဟုတ်ပါဘူး။ အနာဂတ် မြန်မာ့နိုင်ငံရေးကို ပိုမိုရှုတ်ထွေးစေမှာ ဖြစ်သလို စစ်မှန်တဲ့ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဟာလည်း ပိုပြီးအလှမ်းကွာဝေးသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်တိုင်းပြည်အကောင်းဘက်ကို ရောက်ဖို့ ဆိုရင်တော့ ရွေးကောက်ပွဲထက် တစ်ခြားကောင်းမွန်တဲ့ ထွက်ပေါက်တွေကိုရှာဖွေသင့်ပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ပြသနာကိုကောင်းမွန်စွာဖြေရှင်းလိုတယ်ဆိုရင်တော့ဒီအချက်တွေကိုလုပ်ကိုင် ဆောင်ရွက်ဖို့ လိုအပ်ပါမယ်။
ဒါတွေကကတော့……
(၁) တစ်တိုင်းပြည်လုံးအပစ်ရပ်စဲရေးကိုချက်ချင်းကြေညာပါ။
(၂) ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးသားအကျဉ်းသားတွေကိုအမြန်ဆုံးပြန်လွှတ်ပေးပါ
(၃) ဗမာတိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပါ
(၄) ဆွေးနွေးပြီးနောက် ဘုံသဘောတူညီချက်ချမှတ်ပြီး ညီလာခံတစ်ရပ်ကိုခေါ်ယူပါ
(၅) ဒီညီလာခံမှတစ်ဆင့် တိုင်းပြည်ရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ကို စေ့စပ်ညှိနိုင်းဖြေရှင်းပါ
ဒီအချက်တွေသည်သာ လက်ငင်းကြုံတွေ့နေရတဲ့ မြန်မာပြည်ရဲ့ ပြသနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေဖြစ်ပြီး အများပြည်သူ ထောက်ခံမှုနဲ့ အတူ အမှန်တကယ် ထွက်ပေါက်ကို ရောက်မဲ့လမ်းကြောင်းဆိုတာ အခိုင်အမာပြောလိုက်ပါရစေ။