စစ်ကော်မရှင် ရွေးကောက်ပွဲ NUG လက်မခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။  

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် မည်သည့် အတုအယောင် ရွေးကောက်ပွဲကိုမဆို လက်မခံကြောင်း အောက်တိုဘာ ၂၈ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။ 

NUG သည် နိုင်ငံရေးအရ တရားဝင်မှုရှိသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲ ထားပြီး၊ တော်လှန် ရေး အင်အားစုများနှင့် လက်တွဲကာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ် အခြေခံသည့် ကိုယ်ပိုင် နိုင်ငံရေး လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည် ဟု ပြောဆိုလိုက်သည်။ 

NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အမျိုးသား ညီညွတ်ရေး အစိုးရ အနေနဲ့ မိတ်ဖက်တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ လက်တွဲကာ နိုင်ငံ ရေး အရ တရားဝင်ဆဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်ကိုင်စွဲလျက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အခန်း (၃) နှင့် နိုင်ငံရေး လမ်းညွှန် မြေပုံအဆင့် (၁၁) အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ပြောကြားလိုပါသည်” ဟု ပြောသည်။

ဦးနေဘုန်းလတ်က ၎င်း၏ နိုင်ငံတကာနှင့် ပြည်သူလူထုများအား သတင်းစကားပြောကြားခြင်း အစီအစဉ်တွင် NUG ၏ တရားဝင် ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။

NUG အနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံဘဲ၊ ၂၀၂၀ ရွေးကောက်ပွဲမှ ဆင်းသက်လာသည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ၎င်းတို့ ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ် အတိုင်းသာ ရှေ့ဆက်သွားမည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

NUG သည် အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် နိုင်ငံရေး လမ်းညွှန်မြေပုံအတိုင်း အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဤလုပ်ငန်းစဉ်တွင် ဦးစွာ တိုင်းပြုပြည်ပြုညီလာခံ ကျင်းပခြင်း၊ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ရေးဆွဲခြင်း၊ ရေးဆွဲပြီးသော ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခြင်းနှင့် နောက်ဆုံး အဆင့်တွင်မှ ရွေးကောက်ပွဲ ကျင်းပခြင်းတို့ ပါဝင်မည် ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲ အတည်ပြုထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြု ပြဌာန်းခြင်းနဲ့ ရွေးကောက်ပွဲ ကျင်းပခြင်း မူဘောင်အတိုင်း ရပ်တည် ကာ စနစ်ပြောင်း တော်လှန်ရေးကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ပြောသည်။

လက်ရှိတွင် NUG သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်၏ အဆင့် (၈) အရ ဖက်ဒရယ်အသွင် ကူးပြောင်းရေး အခြေခံဥပဒေ (AFTA) ကို တော်လှန်ရေး အဖွဲ့အစည်းများ အကြား စုပေါင်း ရေးဆွဲနေပြီး ဘုံနိုင်ငံရေး သဘောတူညီချက်များ ရရှိရန် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်နေကြောင်းလည်း သိရသည်။

NUG ၏ ဤရပ်တည်ချက်သည် စစ်တပ်က ကြိုးကိုင်ထားသော ဟန်ပြနိုင်ငံရေး လှည့်စားမှု မဟုတ်ဘဲ၊ ပြည်သူ က တွန်းအားပေးသော အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်ဖြစ်ကြောင်း NUG ဘက်က အလေးပေး ပြောဆိုထားသည်။

မကြာသေးမီက NUG အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၂၀ ဖွဲ့ မှ စစ်ကော်မရှင်ကို ဆန့်ကျင်ရေး ဘုံတောင်း ဆိုချက် (၅) ချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့သည်။ ထိုဘုံတောင်းဆိုချက်တွင်လည်း စစ်အုပ်စုက စီစဉ်သော မည်သည့် ရွေးကောက်ပွဲကို မဆို ငြင်းပယ်ရန် အချက်များ ပါဝင်ခဲ့သည်။

NUG က အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံရေးအရ တရားဝင်မှုရှိသော NUG၊ CRPH နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ အမြဲတမ်း သက်ဆိုင်မှုရှိသည့် ဤဘုံသဘောတူညီချက် ကို အလေးအနက်ထား စဉ်းစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။