မြဝတီ KK Park မှ အိန္ဒိယ ၅၀၀ ကို ပြန်ပို့ရေး ထိုင်းကို အိန္ဒိယ တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ မြဝတီ ဆိုက်ဘာလိမ်လည်မှုမှ ထွက်ပြေးလာသည့် အိန္ဒိယနိုင်ငံသား ၅၀၀ ကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် ထိုင်းကို တောင်းဆိုလိုက်သည်။
မြဝတီမြို့နယ်ရှိ ဆိုက်ဘာငွေလိမ်ခြံဝန်း (KK Park) ကို စစ်ကော်မရှင်တပ်က ဝင်ရောက် ရှင်းလင်းခဲ့ပြီးနောက် လူကုန်ကူးခံရသူများ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခိုလှုံလာခဲ့ရာ၊ အိန္ဒိယနိုင်ငံသား ၅၀၀ ခန့် ပါဝင်ကြောင်း သိရ သည်။
၎င်းတို့၏ မိခင်နိုင်ငံရင်းဆီသို့ ပြန်ပို့နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ထိုင်းအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဗီရာကူလ် (Anutin Charnvirakul) က အောက်တိုဘာလ ၂၉ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အနုထင်၏ အဆိုအရ ထိုင်းနိုင်ငံထဲ ရောက်ရှိလာသည့် ဤအိန္ဒိယနိုင်ငံသားများကို တာဝန်ယူ စောင့်ရှောက်ပေးရန် အိန္ဒိယဘက်က တောင်းဆိုခဲ့ပြီး၊ ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။
ထိုင်းဝန်ကြီးချုပ်က “အိန္ဒိယအစိုးရဟာ သူတို့နိုင်ငံကနေ လေယာဉ်တစ်စင်း စေလွှတ်ပြီး မဲဆောက် လေဆိပ်က နေ ဒီအိန္ဒိယနိုင်ငံသား ၅၀၀ ကို တိုက်ရိုက် ပြန်လည် ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ထိုင်း အစိုးရက အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ထိုင်းသတင်းမီဒီယာများကို ပြောကြားခဲ့သည်။
KK Park ရှင်းလင်းမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်များက စတင်၍ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၁,၅၀၀ ကျော်သည် ထိုင်းနယ်စပ် မဲဆောက်မြို့ဘက်သို့ ထွက်ပြေး ခိုလှုံလာခဲ့သည်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ထိုင်း၊ မြန်မာ၊ လာအို နယ်စပ်ဒေသများသည် လူကုန်ကူးခံရ သူ ရာထောင်ချီကို အတင်းအကျပ် ခိုင်းစေပြီး ဒေါ်လာ ဘီလီယံနှင့်ချီသော အွန်လိုင်း လိမ်လည်မှုများ လုပ်ဆောင် နေသည့် အဓိက ဗဟိုချက် ဖြစ်လာခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်သည် ဒေသတွင်း လူကုန်ကူးမှုနှင့် ဆိုက်ဘာပြစ်မှုများ၏ ဆိုးရွားသော နောက်ဆက်တွဲ ရလဒ်များကို မီးမောင်းထိုး ပြလိုက်ခြင်း ဖြစ်သည်။