KK Park ငွေလိမ်ဂိုဏ်းကိစ္စ KNU နှင့် သက်ဆိုင်ခြင်းမရှိကြောင်း KNU ပြောခွင့်ရ တုန့်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
မြန်မာ – ထိုင်းနယ်စပ်ရှိ လူကုန်ကူးမှုနှင့် အွန်လိုင်း ငွေလိမ်လည်မှု နေရာတစ်ခုဖြစ်သော KK Park ကို စစ်ကော်မရှင် တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) အပေါ် နိုင်ငံရေးအရ ထိုးနှက် တိုက်ခိုက်ရန် ရည်ရွယ်ချက်သာ ဖြစ်ကြောင်း KNU တာဝန်ရှိသူက ပြောသည်။
စစ်ကော်မရှင်တပ်၏ စီးနင်းဖမ်းဆီးမှုကြောင့် KK Park ကိစ္စသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့သော် လည်း KNU အနေဖြင့် ဤပြဿနာနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း ထပ်မံအတည်ပြုခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေး၏ သုံးသပ်ချက်အရ စစ်ကော်မရှင်တပ်၏ စွပ်စွဲမှုများမှာ KK Park တည်ရှိရာ မြေနေရာသည် KNU နှင့် ဒေသတွင်း အခြား အဖွဲ့ အစည်းတစ်ခုတို့ ယခင်က ချုပ်ဆိုခဲ့ဖူးသော စာချုပ် စာတမ်းပါ မြေနေရာနှင့် နီးစပ်နေခြင်းအပေါ် အခြေခံနေသည်။
ပဒိုကလယ်စေးက “သူတို့က နဂိုကတည်းက ဆွဲသွင်းထားတဲ့ အပေါ်မှာ ယနေ့အချိန်မှာ ဒီဟာကို အစဆွဲထုတ်ပြီး KNU ကို ထပ်ပြီးတော့ နိုင်ငံရေးအရ တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်” ဟု ပြောသည်။
စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက KK Park စီးနင်းမှုနှင့် ပတ်သက်၍ KNU (ကရင် အမျိုးသား အစည်းအရုံး) အပေါ် ပြင်းထန်သော စွပ်စွဲချက်သုံးရပ်ကို ထုတ်ပြန်ခဲ့သည်။
KK Park စီမံကိန်းတွင် KNU ထိပ်ပိုင်းခေါင်းဆောင်များ ကိုယ်တိုင် ငွေကြေးရယူလိုမှုဖြင့် ပါဝင်ပတ်သက်နေ သည်ဟု စွပ်စွဲထားသည်။
ထို့အပြင် KK Park တည်နေရာသည် နိုင်ငံတော်ပိုင်မြေဖြစ်ပြီး KNU က ဥပဒေမဲ့ လက်ညှိုးထိုးရောင်းစားခြင်း (သို့မဟုတ်) အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ တရားဝင် ခွင့်ပြုစာရွက်စာတမ်း တစ်စုံတစ်ရာမရှိကြောင်း ပြောဆို သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU ကို “ပိုက်ဆံအတွက် တစ်နိုင်ငံလုံးကို ရောင်းစားမည့် ကြေးစားအကြမ်းဖက် သမားများ” ဟု သုံးနှုန်းကာ နိုင်ငံတကာနှင့် ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန် တောင်းဆိုခဲ့သည်။
“မြေနေရာနဲ့ ပတ်သက်ပြီး ခွင့်ပြုထားတာတို့ လုပ်ဆောင်ထားတာတို့ တရားဝင်တစ်ခုမှ မရှိကြောင်း တွေ့ရပါ တယ်။ နောက်ပြီး အဲဒီမြေပေါ်မှာ လုပ်ဆောင်နေတဲ့ လောင်းကစားလုပ်ငန်းတွေကိုလည်း အခကြေးငွေယူပြီး ကြေးစား ကာကွယ်မှုများ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းက ရရှိတဲ့ ငွေတွေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ်မှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားသည်။
KNU အနေဖြင့် KK Park နှင့် အွန်လိုင်း ငွေလိမ်လည်သည့် လုပ်ငန်းများတွင် လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ခိုင်မာစွာ ကြေညာသည်။
ပဒိုကလယ်စေးက “ကျနော်တို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း KNU ထဲမှာ ပါဝင်ပတ်သက်တဲ့သူ ရှိရင် တာဝန်ခံရမယ်လို့ ကျနော်တို့ ထုတ်ပြန်ကြေညာထားပြီး ဖြစ်တယ်” ဟု ပြောသည်။
စစ်ကော်မရှင်တပ်က KK Park ကို ရှင်းလင်းစဉ် ‘ဘာမှ ထွေထွေထူးထူး မတွေ့ရ’ ဟု ပြောဆိုခဲ့ခြင်းနှင့် Starlink ဂြိုလ်တု အင်တာနက် ကိရိယာများကို သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်မှုများ အပေါ် KNU ဘက်က ပြန်လည် ရှင်းလင်းခဲ့သည်။
ဤပြောဆိုချက်သည် KNU အား စွပ်စွဲရန် ရည်ရွယ်ချက်ဖြင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း KNU က ရှုမြင် သည်။
Starlink ကိရိယာ သိမ်းဆည်းမှုမှာ အမေရိကန်လွှတ်တော်၏ ကျားဖြန့်လုပ်ငန်းများအား အားပေးသည့် ဆက်သွယ်ရေး ကွန်ရက်ကို အရေးယူရန် တောင်းဆိုမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ Starlink ကုမ္ပဏီ ကိုယ်တိုင် ကပင် အဆိုပါ ကိရိယာများကို အသုံးပြု၍မရအောင် လော့ခ်ချထားပြီးဖြစ်သည့်အတွက် စစ်ကော်မရှင်၏ သိမ်းဆည်းမှု ရည်ရွယ်ချက်ကို ပြောရန်ခက်ခဲကြောင်း KNU က ထောက်ပြသည်။
KNU သည် ဥပဒေအရ သော်လည်းကောင်း၊ အဖွဲ့အစည်း အဆုံးအဖြတ်အရ သော်လည်းကောင်း ရာဇဝတ်မှုများ ကို လက်မခံဘဲ၊ လက်ပူးလက်ကြပ် ဖမ်းမိပါက ဥပဒေလုပ်ငန်းစဉ်အတိုင်း အရေးယူသွားရန် လုပ်ထုံးလုပ်နည်း များ ချမှတ်ထားကြောင်း အတည်ပြု ပြောဆိုသည်။
ဒေသတွင်းရှိ ရှုပ်ထွေးသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေအနေများနှင့် ပတ်သက်၍ “ကျနော်တို့ ထိန်း ချုပ်ရခက်တဲ့ နယ်မြေဆိုတာ အားလုံးလည်း သိပြီးသားဖြစ်တယ်။ တပ်မဟာ ၄ ကနေ တပ်မဟာ ၅ အထိ ပေါ့နော်။ အထူးသဖြင့်ကတော့ အခု တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ လို နေရာမျိုးမှာ နယ်စပ်ဒေသတွေမှာ လက် နက်ကိုင် အဖွဲ့အစည်းတွေ ရှိတယ်။ လူထုကလည်း နားမလည်နေဘူး။ ကရင်တွေလည်း ဖြစ်တော့ KNU လို့ပဲ ထင် ကြတယ်။ ဒီမတူညီနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေး ရည်ရွယ်ချက်မရှိတဲ့ ကရင်လက်နက် ကိုင် အဖွဲ့အစည်းတွေ” ဟု ပဒိုကလယ်စေးက ရှင်းပြသည်။
၎င်းတို့အနေဖြင့် ထိန်းချုပ်ရခက်ခဲသော နယ်မြေများတွင် နိုင်ငံရေး ရည်ရွယ်ချက် မရှိသည့် အချို့ ကရင် လက်နက်ကိုင် အဖွဲ့များရှိနေပြီး၊ ၎င်းတို့ကို ဒေသခံအများစုက KNU အဖြစ်သာ မှားယွင်းထင်မှတ်နေကြသည်ဟု ဆိုလိုရင်း ဖြစ်သည်။
KK Park ကဲ့သို့သော လောင်းကစားနှင့် ငွေလိမ်ဂိုဏ်းလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းမှာ KNU ၏ တရားဥပဒေ စိုးမိုးမှုနှင့် ထိန်းချုပ်မှု အပြည့်အဝ မရှိသေးသည့် နယ်မြေများတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ လက်ရှိ စစ်ကော်မရှင်၏ လုပ်ရပ်သည် နိုင်ငံရေးအရ အမြတ်ထုတ်ရန် ရည်ရွယ်ချက်သက်သက်သာ ဖြစ်ကြောင်း ပဒိုကလယ်စေးက ထောက်ပြပြောဆိုသည်။
စစ်ကော်မရှင်တပ်သည် KK Park ကို စီးနင်းစဉ် လူပေါင်း ၂,၁၉၈ ဦး ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ Starlink ကိရိယာ ၃၀ စုံကို သိမ်းဆည်းရမိခဲ့သည်ဟု အောက်တိုဘာလ ၁၉ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
စစ်တပ်က ၎င်းတို့၏ လုပ်ရပ်ကို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းခြင်းဟု ဆိုသော်လည်း၊ လေ့လာသူ အချို့ ကမူ စစ်တပ်သည် တရုတ်အစိုးရ၏ ဖိအားနှင့် ဒေသတွင်း မဟာမိတ်များ၏ ထောက်ခံမှုကို ရရှိစေရန် ရည်ရွယ် သည့် နိုင်ငံရေးအရ ပြသခြင်း (Political Theater) သက်သက် ဟုတ်၊ မဟုတ်ကို မေးခွန်းထုတ်နေကြသည်။