အနောက်အာဖရိက အွန်လိုင်းငွေလိမ်ဂိုဏ်းကို နိုင်ငံတကာ ပူးပေါင်း ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

အနောက်အာဖရိကဒေသရှိ အွန်လိုင်း ငွေလိမ်ကွန်ရက်များကို အမေရိကန်နှင့် ဗြိတိန်တို့ ဦးဆောင်သည့် နိုင်ငံတကာ ပူးပေါင်းစစ်ဆင်ရေးဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်နှိမ်နင်းခဲ့ရာ သံသယရှိသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု AP သတင်း တပုဒ်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဂါနာနိုင်ငံတွင် ၁၉ ဦးနှင့် နီးဂျီးရီးယားနိုင်ငံ၌ ၉ ဦး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဂါနာအာဏာပိုင်များက နီးဂျီးရီးယားနိုင်ငံသား ၁၂၀ ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

စစ်ဆင်ရေးအတွင်း လိမ်လည်မှုတွင် အသုံးပြုသည့် အီလက်ထရောနစ် ပစ္စည်း ၃၅၆ ခုကို သိမ်းဆည်းနိုင်ခဲ့သလို၊ အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်တန်ဖိုးရှိ ပြန်လည်သိမ်းဆည်းနိုင်မည့် ရန်ပုံငွေများကိုလည်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

ထို့ပြင် လိမ်လည်မှုနှင့် ဆက်စပ်နေသည့် လူမှုကွန်ရက်အကောင့် သုံးသန်းကျော်ကို ပိတ်သိမ်းခဲ့သည်။

ယင်းအွန်လိုင်း ငွေလိမ်လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခြင်းခံနေရသည့် လူကုန်ကူးခံရသူ ၁၁၇ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး အေဂျင်စီများက သတင်းထုတ်ပြန်သည်။

အဆိုပါ ပူးပေါင်းစစ်ဆင်ရေးကို အမေရိကန်၊ ဗြိတိန်၊ နီးဂျီးရီးယားနှင့် ဂါနာနိုင်ငံတို့မှ ရဲတပ်ဖွဲ့များ၊ ဆိုက် ဘာလုံခြုံရေး အာဏာပိုင်များအပြင် Meta, Microsoft နှင့် Google အပါအဝင် နည်းပညာကုမ္ပဏီကြီး ၁၅ ခုတို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။