အပစ်ရပ်ထားသည့် ဂါဇာတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။ 

ဂါဇာကမ်းမြှောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြီးသည့် နောက်ပိုင်းတွင်  အပစ်ရပ် သဘောတူညီချက်ကို ပြန်လည်ထိန်းသိမ်းသွားမည်ဟု အစ္စရေးက ပြောလိုက်သည်။ 

ဟားမာ့စ်တို့က သဘောတူညီချက်ကို ချိုးဖောက်ပြီး ဂါဇာတောင်ပိုင်း ရာဖာရှိ အစ္စရေး တပ်ဖွဲ့များကို တင့်ကားဖျက် ဒုံးကျည်များနှင့် ပစ်ခတ်ခြင်းကြောင့် အစ္စရေး စစ်သား ၂ ယောက် သေဆုံးခဲ့ရသည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။ 

သို့သော်လည်း အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ဟားမာ့စ်တို့က သူတို့ ဘာမျှ မသိရကြောင်း တုန့်ပြန်ခဲ့သည်။ 

ထို့နောက် တနင်္ဂနွေနေ့ညနေပိုင်းတွင် ဂါဇာ တလျောက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ဆေးရုံ သတင်းရင်းမြစ်များ အဆိုအရ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၄ ယောက် သေဆုံးခဲ့ရသည်။ 

တိုက်ခိုက်မှုများနောက် ညပိုင်းတွင်တော့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပြီး ဟားမာ့စ်ဘက်က ချိုးဖောက်မှုများကို အခိုင်အမာ တုန့်ပြန်သွားမည်ဟု ကြေညာချက် ထုတ်ပြန်ပါတယ်။ 

အမေရိကန်၏ ကြားဝင် စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမာ့စ်တို့ အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး ပစ်ခတ်မှုများ ချက်ချင်းရပ်ခဲ့သည်။ ထို့နောက်တွင် ဟားမာ့စ်က အစ္စရေး ဓါးစာခံများနှင့် သေဆုံးသူ ၁၂ ဦး၏ ရုပ်ကျွင်းများကို ပြန်လည် ပေးအပ်ခဲ့သည်။ 

အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နှင့် ဂါဇာတွင် ထိန်းသိမ်းထားသည့် လူ ၁၇၁၈ ယောက်ကို ပြန်လွှတ်ပေးခဲ့သည်။ ပါလက်စတိုင်း ၁၅ ဦး၏ ရုပ်ကျွင်း များကိုလည်း ပြန်ပေးခဲ့သည်။