စစ်တပ်ပိုင် ဆက်သွယ်ရေးကွန်ရက်များမာား အပြီးပိတ်ရန် JFM တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။

မြန်မာစစ်အုပ်စုအတွက် အခွန်ဝင်ငွေ ရှာဖွေပေးနေပြီး ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းမှုနှင့် စစ်ရာဇဝတ် မှုများတွင် အလွဲသုံးစားပြုနေသည့် စစ်တပ်ပိုင် ဆက်သွယ်ရေးကွန်ရက်များကို အပြီးတိုင် ပိတ်ပင်တားဆီးပေး ရန် နိုင်ငံတကာ နည်းပညာပလက်ဖောင်းကြီးများကို Justice For Myanmar (JFM) က တောင်းဆိုလိုက်သည်။

Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပလက်ဖောင်းများပေါ်မှ ဖယ်ရှားရန် လိုအပ်နေဆဲဖြစ်ကြောင်း JFM က ထောက်ပြထားသည်။ 

မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်ပိုင် ဝါဒဖြန့်ချိရေးအကောင့်ဖြစ်သည့် Mytel၊ MECtel နှင့် MRTV၊ MWD တို့နှင့် ဆက်စပ်သည့် အကောင့်ပေါင်း ၁၀၉ ခုကို Facebook က ထပ်မံဖယ်ရှားခဲ့သည်ဟု ဆိုသည်၊။ 

နည်းပညာကုမ္ပဏီကြီးများအနေဖြင့် စစ်တပ်အကောင့်များကို ထိရောက်စွာ ဖယ်ရှားပေးရန်နှင့် သတင်းမီဒီယာ အကောင့်များကို မှားယွင်းပိတ်ပင်နေမှုများကို ချက်ချင်းရပ်တန့်ရန် လွတ်လပ်သော မြန်မာ သတင်းမီဒီယာ ကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်ကလည်း တိုက်တွန်းထားသည်။

အထူးသဖြင့်တော့ ကုမ္ပဏီ၊ ပလက်ဖောင်းပိုင်ရှင်တွေပေါ့နော်။ မီတာ (Meta)ဆိုရင်တော့ Facebook ပေါ့၊ အဲလိုပဲ GoogleTikTok နောက် Telegram တကယ်ကတော့ အဆိပ်အတောက်ဖြစ်တဲ့ဟာ ဖယ်ရှားဖို့ တာဝန် ရှိပါတယ်။ ဆိုလိုတာကတော့ သူတို့တွေအနေနဲ့ ဗမာစစ်တပ်နဲ့ ဆိုင်တဲ့ Account တွေကို ဖယ်ရှားဖို့ဆိုတာ တရားဝင် ပြောထားပြီးသားပဲလေ။ ဒါပေမဲ့ တကယ်လုပ်နေလားဆိုတော့ အင်မတန် အားနည်းပါတယ်။ ဘာမှ အပြစ်မရှိတဲ့ မီဒီယာ Account တွေကိုတော့ သူတို့ရဲ့စက်ကနေ Algorithm ကနေပြီးတော့ ဖယ်ရှားနေတာ တွေကို ကျနော်တို့က လက်မခံဘူး ဒီပလက်ဖောင်းတွေဟာ သူတို့ တာဝန်ရှိမှုအပေါ်မှာ ပိုပြီးတာဝန်သိသိနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်လို့ ပြောပါရစေခင်ဗျာ။

စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိန်းချုပ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အောက်က Mytel နှင့် MECtel ကွန်ရက်များသည် စစ်ရာဇဝတ်မှုများကို အားပေးကူညီနေခြင်းကြောင့် အီးယူ၊ အမေရိကန်၊ ယူကေ၊ ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်စု၏ ဝါဒဖြန့်ချန်နယ်များကို ပိတ်ဆို့လိုက်ခြင်းသည် မြေပြင်ဖြစ်ရပ်မှန်များကို ဖော်ထုတ်ရန် အထောက်အကူဖြစ်စေကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ မယဉ်မျိုးလှိုင်က ပြောသည်။

ဒီလို ဝါဒဖြန့်ချန်နယ် တွေကို တစ်ဖက်တစ်လမ်းကနေ နောက်ထပ် ဝါဒတွေဖြန့် သတင်းအမှားတွေ ဖြန့်ချိလို့ မရအောင် လုပ်လိုက် တာက ကျမတို့ movement အတွက်၊ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်မှန် အချက်တွေကို ကျမတို့ ဒီထက် ပိုကောက်နိုင်ဖို့အတွက် အထောက်အကူ ဖြစ်တယ်ပေါ့နော်။ ကျမတို့ အချက် အလက်တွေ ကောက်ယူ ပြီးတော့မှ နိုင်ငံတကာကို အချက်အလက်တွေနဲ့အတူ သက်သေတွေ ပို့ပေးနိုင်တယ် ဆိုလို့ရှိရင် ကျမတို့ တရားမျှတမှု ရရှိဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ် ဆိုတာကို ပြောချင်တာ ပေါ့နော်။ ဆိုတော့ ဒီဟာတွေကို ဒီလိုမျိုး ပိတ်ဆို့လိုက်နိုင်တယ် ဆိုတာကလည်း ကျမတို့အတွက် အထောက်အကူ ဖြစ်ပါတယ်လို့ ကျမပြောချင်ပါတယ်။

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများသည် ဖော်ထုတ်ခံရမှုကို ရှောင်ရှားရန် အမည်အမျိုးမျိုးပြောင်းလဲကာ ပလက် ဖောင်းများပေါ်သို့ ပြန်လည်ဝင်ရောက်လာလေ့ရှိသဖြင့် Facebook ပေါ်မှ စစ်အုပ်စုအကောင့်များကို ဆက်လက် ဖယ်ရှားနိုင်ရန် IPCM အနေဖြင့်လည်း Human Rights in Myanmar- HRM အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်း ဆိုသည်။

ဦးတိုးဇော်လတ်က ဗမာပြည်မှာ Facebook ကတော့ အများဆုံးပေါ့။ Facebook ရဲ့ Trusted Partner အခု HRM က သူတို့ရဲ့ Trusted Partner ပါဗျာ။ သူတို့တွေနဲ့ ပေါင်းပြီး ကျနော်တို့ အတတ်နိုင်ဆုံး လုပ်နေတယ်။ အထူး သဖြင့်တော့ ပလက်ဖောင်းပေါ်မှာ ရှိမနေသင့်တဲ့ Account တွေကို ဖယ်ရှားဖို့လည်း အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် နေပါတယ်ခင်ဗျာ ဟု ပြောသည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ MRTV ကို Twitch နှင့် Kick တို့မှလည်းကောင်း၊ MWD ကို TikTok မှလည်းကောင်း ဖယ်ရှားနိုင်ခဲ့သော်လည်း အွန်လိုင်းပေါ်တွင် စစ်တပ်၏ သတင်းအမှားနှင့် အမုန်းစကား များ ဖြန့်ဝေမှုကို လုံးဝဥဿုံ ကာကွယ်နိုင်ရန် နိုင်ငံတကာနည်းပညာကုမ္ပဏီများ၏ ပိုမိုထိရောက်သည့် အရေးယူ မှုများ လိုအပ်နေဆဲဖြစ်ကြောင်း BWU နှင့် IPCM အဖွဲ့တို့က ထောက်ပြထားကြသည်။