မောတောင်စစ်ဘေးရှောင် ၅,၀၀၀ ခန့် တောတောင်များအတွင်း ရိက္ခာပြတ်လပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။
တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် အနီးနားကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ ၅,၀၀၀ နီးပါးမှာ မိုးရာသီစတင်လာပြီ ဖြစ်သော်လည်း နေရပ်မပြန်နိုင်ကြသေးဘဲ တောတောင်များထဲတွင် ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀၅ ခုနှစ်၊ နိုဝင်ဘာလက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် မောတောင်မြို့ကို စစ်တပ်က ပြည်သူများနှင့် သံဃာတော်များကို လူသားဒိုင်းအဖြစ် အသုံးပြုကာ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှု များဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာသောကြောင့် မေလ ၁၉ ရက်နေ့တွင် တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။
လက်ရှိတွင် စစ်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ထားသော်လည်း စစ်ရေးတင်းမာမှုများနှင့် လက် နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိနေ၍ မောတောင်၊ သိန်ခွန်း၊ သဲဖြူနှင့် ကြိမ်ချောင်းကျေးရွာများမှ ဒေသခံများ သည် နေရပ်မပြန်ရဲဘဲ တောထဲ၌သာ ဆက်လက်တိမ်းရှောင်နေကြရသည်။
စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက “ဒေသခံတွေ တောထဲမှာပဲ အခုမိုးကာပိုင်းတွေလိုတယ်။ မိုးရွာတာ။ မိုးကာပိုင်းတို့ ဆန်တို့ စားဝတ်နေရေး တအား ခက်ခဲဖြစ်တယ်။ အခု မိုးကာရယ်။ အခုမိုးရွာတော့ မိုးကာတော့ အဓိကပဲ ဆန်ရယ်၊ ဆားရယ်။ စားဝတ်နေရေးပေါ့ မိုးကာရယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ တောတွင်းအိပ်စက်ရသဖြင့် ငှက်ဖျားရောဂါအန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေသည်ဟုလည်း ဆက်ပြောသည်။
“ပြီးတော့ ငှက်ဖျားတွေဘာတွေ တောထဲမှာ အိပ်တော့ လိုတာပေါ့ ဆေးဝါးတွေ ကျန်းမာရေး အကူအညီ ဆေးဝါးတွေလည်း လိုတာပေါ့။ ဖျားနားတဲ့သူ ဗိုက်ကြီးသယ်မတွေ မွေးဖွားသယ်မတွေ ရှိတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) နှင့် ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကူညီပေးနေကြသော်လည်း ကူညီရမည့် ဒုက္ခသည်ဦးရေ များပြားလှသဖြင့် ရိက္ခာနှင့် အမိုးအကာများ လုံလောက်မှု မရှိဘဲ ဖြစ်နေသည်။
ဒေသတွင်း စစ်ရေးနှင့် စစ်ဘေးရှောင် အခြေအနေကို သိရှိသူတစ်ဦးကလည်း လတ်တလော ထွက်ပြေးရသူ ပိုမိုများပြားလာသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။
“အဓိကကတော့ အခုနပြောတဲ့ သိန်ခွန်းနဲ့ သဲဖြူကတော့ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင် နေကြတာ ကတော့ ကြာပြီပေါ့လေ။ ဆိုတော့ ဟိုးအရင်ကတည်းက မနှစ်ကတည်း တိမ်းရှောင်နေရတာလေနော်။ အခု လက်တလော စစ်ကြောင်းထိုးလာတဲ့ အနေအထားမှာကတော့ လေကြောင်းရန်ကြောင့် ထွက်ပြေးရတဲ့ သူက ပိုများတယ်ပေါ့လေနော်။ ဆိုတော့ အဲဒီမောတောင်မြို့နဲ့ အနီးဝန်းကျင်က ရွာတွေဆိုရင် အကုန်လုံးနီးပါး ထွက်ပြေးနေရတယ်ပေါ့လေနော်။”
မိုးရာသီအစပြုချိန် ရာသီဥတုဆိုးရွားမှုဒဏ်နှင့် စစ်တပ်၏ လေကြောင်းရန်၊ လက်နက်ကြီးရန်တို့ကို တစ်ပြိုင် နက်တည်း ရင်ဆိုင်နေရသည့် မောတောင်နယ်စပ်ဒေသက စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ဒေသတွင်းရှိ စစ်ရှောင်များကို အကူအညီပေးနေသူများက ပြောသည်။